
လာမဲ့နိုဝင်ဘာ ၈ရက်နေ့မှာကျင်းပမဲ့ ၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲကောက်ခံတာတွေကို ပြီးခဲ့တဲ့ရက်ပိုင်းကစတင်ပြီးနောက်မှာတော့ ပဲခူးတိုင်း၊ ဇီးကုန်းမြိုနယ်မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးက အပြတ်အသတ်နိုင်တယ်ဆိုတဲ့ မဲရလာဒ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေတာတွေ့ရပါတယ်။
ဒီပို့စ်မှာ “ဇီးကုန်း (ကြိုတင်မဲ)၊ ပြည်ခိုင်ဖြိုး= ၄၀%၊ NLD=10%၊ အပြတ်အသတ်”ဆိုပြီးရေးသားထားတာ တွေ့ရပါတယ်။ဒါပေမဲ့ ဒီလိုရေးသားမျှဝေနေတာတွေဟာ မှားယွင်းတဲ့ရေးသားချက်တွေသာဖြစ်ပြီး ကြိုတင်မဲရလာဒ်ကို ရွေးကောက်ပွဲရက်မတိုင်မီ ထုတ်ပြန်ကြေငြာလေ့မရှိတာကို Fact Crescendo Myanmarက တွေ့ရှိရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဒီပို့စ်နဲ့ပတ်သက်ပြီး သာယာဝတီခရိုင်ကော်မရှင်အဖွဲ့ခွဲဥက္ကဌဦးရဲမြင့်ကို Fact Crescendo Myanmarက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ “ကြိုတင်မဲတွေက ရွေးကောက်ပွဲရက်မတိုင်ခင် ဘယ်သူကမှ ဖွင့်ဖောက်ရေတွက်တာတွေ လုပ်လို့မရဘူး၊ အခုက ချိတ်ပိတ်ထားပြီး တကယ်ရွေးကောက်ပွဲရက်ရောက်မှ အကုန်ထုတ်ရေရတာပါ၊ ရွေးကောက်ရက်မတိုင်ခင် ကြိုတင်မဲရလာဒ် ဘယ်သူ ဘယ်လောက်ရတယ်ဆိုတာတွေက သတင်းအတုတွေပဲဖြစ်ပါတယ်။”လို့ ဦးရဲမြင့်က ပြန်လည်ဖြေကြားခဲ့ပါတယ်။
ကြိုတင်မဲတွေကို ရွေးကောက်ပွဲရက်မတိုင်ခင် ဘယ်သူကမှ ဖွင့်ဖောက်ကြည့်ခွင့်မရှိဘဲ ကြိုတင်မဲကိုလည်း သီးခြားမကြေငြာတဲ့အကြောင်းကို Fact Crescendo Myanmarက အချက်အလက်စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။ ဒီလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ “ဇီးကုန်း (ကြိုတင်မဲ)၊ ပြည်ခိုင်ဖြိုး= ၄၀%၊ NLD=10%၊ အပြတ်အသတ်”ဆိုတဲ့ ပို့စ်ဟာ သတင်းအမှားသာဖြစ်တာကို တွေ့ရပါတယ်။