မြန်မာပြည်တွင်းရေး မစွက်ဖက်ဖို့ တရုတ်ကို အမေရိကန် သမ္မတ ပြင်းပြင်း ထန်ထန်သတိပေးတယ်လို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုမှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုတခုသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖြန့်ဝေထားတဲ့ ဗွီဒီယိုစခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။

“စစ်ပွဲ ရပ်ရန် ပြောတဲ့တရုတ် ပြဿနာတက်ပြီ

နိုင်ငံကြီးတွေက တရုတ်ကို ပေါ်တင် သတိပေးလာပြီ

မြန်မာ့အရေး ဝင်ရောက်စွပ်ဖက်မှု ကန်သမ္မတ ပြင်းထန် ဝေဖန်”



မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါ။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “မန္တေလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် အခုလိုပဲ ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံ သတင်းခေါင်းစဉ်တုတွေတပ်ပြီး ဆက်တိုက်ဖြန့်ဝေနေတာတွေ့ရပါတယ်။ တကယ်တမ်း ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ဖတ်ကြားနေရတဲ့ အကြောင်းအရာတွေဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေနဲ့ အတွေး အမြင်ဆောင်းပါးတွေကို ပြန်လည်ကူးယူဖော်ပြနေခြင်းဖြစ်တာတွေ့ရတယ်။

အခုလည်း အထူးသဖြင့် မြန်မာပြည်မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေထဲက တဖွဲ့ဖြစ်တဲ့ TNLA ကို စစ်ပွဲရပ်ဖို့ တရုတ်ရဲ့ သတိပေးချက်အပေါ် နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူတွေရဲ့ အမြင်ကို ပြန်လည်ဖော်ပြ နေခြင်းဖြစ်တယ်။ ဩဂုတ် ၃၁ ရက်မှာ “People's Spring”သတင်းဌာနက “စစ်ပွဲရပ်ရန် တရုတ်၏ ဖိအား​ပေးမှု ပြည်တွင်းစစ် ပိုမိုကြီးထွားလာရန်ဖန်တီး​ပေးရာ​ရောက်​ကြောင်း စစ်​ရေး​နိုင်ငံ​ရေးအကဲခတ်များသုံးသပ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ မူလ သတင်းဖော်ပြချက် အပြည့်အစုံကို ဒီလင့်ခ်မှာကြည့်ပါ။


၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ် သတင်းတပုဒ်ကတော့ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ “TNLA အပေါ် ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီက ခြိမ်းခြောက်စာပေးပို့မှု မြန်မာပြည်သူများ ၏ တော်လှန်ရေးအပေါ် ရိုင်းပျစွာ ခြိမ်းခြောက် စော်ကားမှုအဖြစ် NUCC က ပြင်းထန်စွာရှုတ်ချ”ဆိုတဲ့ သတင်းပဲဖြစ်တယ်။

သုံးသပ်ချက်

မြန်မာပြည်တွင်းရေး မစွက်ဖက်ဖို့ တရုတ်ကို အမေရိကန် သမ္မတ ပြင်းပြင်း ထန်ထန်သတိပေးတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ TNLA အပေါ် ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီက ခြိမ်းခြောက်စာပေးပို့မှု တော်လှန်ရေးအပေါ် ခြိမ်းခြောက် စော်ကားမှုအဖြစ် NUCC ရှုတ်ချမှုကို လိုအပ်သလို ခေါင်းစဉ်တုတပ်ထားခြင်း ဖြစ်တယ်။


Claim Review :   - မြန်မာပြည်တွင်းရေး မစွက်ဖက်ဖို့ တရုတ်ကို အမေရိကန် သမ္မတ ပြင်းပြင်း ထန်ထန်သတိပေး
Claimed By :  Social Media Users
Fact Check :  -