Fact Check: မဲစိစစ်တာနဲ့ပတ်သက်ပြီး တပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည်က တောင်းပန်တယ်ဆိုတဲ့ သတင်းအမှား

False နိုင်ငံရေး | Politics

မဲလိမ်တာတွေရှိတာကြောင့် တပ်မတော်အနေနဲ့ ခွင့်လွှတ်ပေးဖို့ တပ်မတော်မဲစိစစ်ရေးကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည်ကတောင်းပန်းလိုက်ပြီး တပ်မတော်ဘက်ကလည်း ဥပဒေဘောင်အတွင်းကပဲ စကားပြောမယ်လို့ တုန့်ပြန်လိုက်တယ်ဆိုတဲ့ ပို့စ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။

“မေမေနိုင်ပြီလို့ အောင်ပွဲခံနေတဲ့ ဆရာများ သို့”လို့ ခေါင်းစဉ်တပ်ထားပြီး “ဒီနေ့ ဘာတွေထူးသွားလဲဆိုတာ- လူငယ်တွေရဲ့ ပါတီအပေါ် စေတနာနဲ့ မှားခဲ့တဲ့မဲ လိမ်လည်မှုတွေရှိခဲ့ပါတယ် ဒါကို တပ်မတော်အနေနဲ့ ခွင့်လွှတ်ပေးပါရန် တပ်မတော် မဲစီစစ်ရေးကော်မရှင်အား တောင်းဆိုလာတဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ တောင်းပန်စကား -တပ်မတော်ကလဲ လုပ်စရာရှိတာကို ဥပဒေဘောင်အတွင်းကပဲ စကားပြောပါ့မယ်လို့ တုန့်ပြန်ပြောဆိုလိုက်တဲ့ မဲစီစစ်ရေးကော်မရှင်ရဲ့ တိကျတဲ့စကား -မဲရုံစောင့် ဆရာမတွေကို စစ်ဆေးရေးလုပ်ငန်းများ စတင်ဆောင်ရွက်ရာမှာ မဲစာရွက်အတုတွေကို ပြည်သူကိုပေးပြီး အစစ်တွေကို သူတို့ကိုယ်တိုင် nld ကိုမဲပေးခဲ့ကြောင်း ၊ ပြည်သူတွေရဲ့ မဲပုံးကို အလုံးလိုက်ချိန်းပြီး ကော်မရှင်ရုံးသို့ ပို့ဆောင်ပေးလိုက်ကြောင်း -မဲရုံစောင့် ဆရာ၊ ဆရာမ တစ်ယောက်ချင်းစီကို ၅သိန်းထောက်ပံ့ပေးမယ်လို့ သက်ဆိုင်ရာအမတ်တွေက ပြောဆိုထားကြောင်း -မီဒီယာများရဲ့ မေးမြန်မှုများအား ပြန်လည်ဖြေကြား

ပေးနိုင်ခြင်းမရှိသေးပါဘူးလို့ပြောလိုက်တဲ့ မျိုးညွန့်ရဲ့စိတ်ဓာတ်ကျဆင်းလျှက်ရှိသော မျက်နှာ -အစရှိတဲ့ သတင်းတွေနဲ့ ဒီနေ့မှာပဲ nld ကျဆုံးသွားပြီဖြစ်ကြောင်း တင်ပြအပ် ***”လို့ “သူရိယ”ဆိုတဲ့ ဖေ့စ်ဘွတ်သုံးစွဲသူ တစ်ဦးကရေးသားထားတာတွေ့ရပါတယ်။ဒီပို့စ်ကိုပဲ ပြန်လည်မျှဝေသူ ငါးထောင့် ခြောက်ရာကျော်ရှိခဲ့ပါတယ်။ ဒီပို့စ်ကိုပဲ ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမျှ ပြန်လည်ကူးယူဖော်ပြတာတွေ ပြန်လည်မျှဝေနေကြတာတွေကို တွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ မူရင်းပို့စ်ကို ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။

မူရင်းလင်ခ့် – FB link  |  Archive link

အချက်အလက်စိစစ်ချက်

ဒီလိုရေးသားနေတဲ့ပို့်စ်မှာပါဝင်တဲ့ တပ်မတော် မဲစိစစ်ရေးကော်မရှင်ဆိုတာ တပ်မတော်ကဖွဲ့စည်းထားကြောင်း တရားဝင်သတင်းမီဒီယာတွေမှာ ဖော်ပြတာမတွေ့ရပါဘူး။ တပ်မတော်အနေနဲ့ တပ်မတော်သားတွေမဲပေးခဲ့တဲ့ မဲရုံ ၂၁၈ရုံတွေက မဲစားရင်းတွေကို ပြန်လည်သုံးသပ်မယ်ဆိုတာကို နိုဝင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ အဲ့ဒီထုတ်ပြန်ချက်မှာ ရွေးကောက်ပွဲကော်မရှင်ဆီက လိုအပ်တဲ့အချက်အလက်တွေတောင်းယူလိုကြောင်းသာ ပါဝင်ပြီး တပ်မတော် မဲစိစစ်ရေးကော်မရှင်ဖွဲ့စည်းမယ်ဆိုတာမျိုးမပါဝင်တာတွေ့ရပါတယ်။ ဒီထုတ်ပြန်ချက်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

မူရင်းလင်ခ့် – တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ link  |  Archive link

ဒီပို့စ်မှာပါဝင်တဲ့ ကျန်အကြောင်းအရာတွေနဲ့ပတ်သက်ပြီး Fact Crescendo Myanmarက NLDပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကို ဆက်သွယ်မေးမြန်းရာမှာတော့ “ဒါက ဘယ်လိုမှမဖြစ်နိုင်တာတွေပါ၊ ကျွန်တော်တို့ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ ဘာမှမဟုတ်တာ မလုပ်ထားတဲ့ အတွက် ဘယ်သူကိုမှလည်း တောင်းပန်စရာမလိုပါဘူး၊ ဒီလိုမျိုး မဟုတ်မမှန်ပြောနေတာတွေ၊ သတင်းအမှားထင်ယောင်ထင်မှားတွေက ရွေးကောက်ပွဲဖြစ်စဉ်စကတည်းက အင်နဲ့အားနဲ့ဖြန့်နေကြတာပါ၊ ကျွန်တော်က ရွေးကော်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး မဖြေဆိုတော့ဘူးဆိုတာကလည်း မီဒီယာတွေမှာကြည်ရင်တွေ့နိုင်ပါတယ်၊ နေ့စဉ် မီဒီယာတွေကို ဖြေနေရတာပါပဲ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်းအမှားတွေဟာ နေ့စဉ်ထွက်ပေါ်နေပြီး မဲရုံမှုးတွေ NLDပါတီအတွက် မဲခိုးပေးတယ်ဆိုတာသတင်းအမှားဖြစ်ကြောင်းကို Fact Crescendo Myanmarက “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်တဲ့ သတင်းတု သတင်းမှားများ ဆက်တိုက်ဖြန့်ဝေ”ဆိုတဲ့ ခေါင်းစဉ်နဲ့ အချက်အလက်စစ်ဆေးခဲ့တာကို ဒီနေရာမှာ  ဝင်ရောကြည့်ရှု့နိုင်သလို  မဲခိုးခဲ့ကြောင်း ဒေါက်တာဇော်မြင့်မောင် ဝန်ခံလို့ သတင်းမှားဖြန့်”ဆိုတဲ့ခေါင်းစဉ်နဲ့လည်း အချက်အလက်စိစစ်ခဲ့တာကို ဒီနေရာမှာ ဝင်ရောက်ကြည့်ရှူ့လေ့လာနိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ တပ်မတော်သားတွေမဲ့ပေးခဲ့တဲ့ အခြေအနေကို တပ်မတော်က မဲစိစစ်တာနဲ့ပတ်သက်ပြီး တပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည်က တောင်းပန်တယ်ဆိုတဲ့သတင်းဟာ သတင်းအမှားဖြစ်တာကိုတွေ့ရပါတယ်။

Avatar

Title:မဲစိစစ်တာနဲ့ပတ်သက်ပြီး တပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည်က တောင်းပန်တယ်ဆိုတဲ့ သတင်းအမှား

Fact Check By: Lynn Yu 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *