ကမ္ဘာ့ အချမ်းသာဆုံးသူဌေး အီလွန်မတ်(Elon Musk)က CNN သတင်းဌာနကို ဒေါ်လာ သန်း ၃၀၀၀ (၃ ဘီလီယံ) နဲ့ ဝယ်ယူဖို့ သဘောတူထားတယ်ဆိုပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိတာဟာ တကယ်တော့ သရော်စာ တခုသာဖြစ်တယ်။
ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပြီး နားလည်မှုလွဲစေနိုင်တဲ့ ဖြန့်ဝေမှုကို အောက်ပါ စခရင်ရှော့မှာ ကြည့်ပါ။ တူညီတဲ့ ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာလည်းတွေ့ရပါတယ်။
“Tesla, Space X, StarLink သူဋ္ဌေး
အီလွန်မတ်စ်က CNN သတင်းဋ္ဌာနကို
ဒေါ်လာသန်း၃၀၀၀ ဖြင့် ဝယ်ယူရန်
သဘောတူညီမှု ရရှိထားဟုဆို။”
မူရင်းလင်ခ့် – Facebook link | Archive link
ဒီသရော်စာဟာ အင်္ဂလိပ်ဘာသာနဲ့ ဖြန့်ဝေမှုတွေလည်းရှိခဲ့ပြီး ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။
အချက်အလက်စိစစ်ချက်
တကယ်တော့ CNN သတင်းဌာနကို အီလွန်မက် ဝယ်ယူမယ်ဆိုတဲ့ အကြောင်းအရာဟာ သရော်စာတွေ ရေးသားဖြန့်ဝေတဲ့ SpaceXMania ဆိုတဲ့ ဝက်ဘ်ဆိုဒ်က အောက်တိုဘာလ ၁၈ ရက်နေ့က စတင်ဖော်ပြခဲ့ရာကနေ ပျံ့နှံ့လာတာတွေ့ရပါတယ်။ ဒီဝက်ဘ်ဆိုဒ်က ဒီသရော်စာကို ဖော်ပြရာမှာလည်း သရော်စာ(Satire)အမျိုးအစားဖြစ်တယ်လို့ အတိအလင်းဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့နောက်ပိုင်းမှာ မူလဖြန့်ဝေတဲ့နေရာဟာ ပြန်လည် ဖြန့်ဝေသူတွေကြားမှာ မပါဝင်တော့ဘဲ အမှန်တကယ် အီလွန်မက်က ဝယ်တော့မယ်ဆိုတဲ့ သတင်းမှားအဖြစ် ပျံ့နှံ့လာခဲ့တာဖြစ်ပြီး လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ နားလည်မှုလွဲမှားစေခဲ့တာဖြစ်တယ်။
မူလဝက်ဘ်ဆိုဒ် SpaceXMania ရဲ့ဖော်ပြချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။
ဒီသတင်းမှာ သရော်စာကနေ စတင်ပျံ့နှံ့လာခဲ့တဲ့ သတင်းမှားဖြစ်ကြောင်းလည်း တခြားသော အချက်အလက်စိစစ်တဲ့ အဖွဲ့တွေကလည်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ (ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။)
သုံးသပ်ချက်
ကမ္ဘာ့ အချမ်းသာဆုံးသူဌေး အီလွန်မတ်(Elon Musk)က CNN သတင်းဌာနကို ဒေါ်လာ သန်း ၃၀၀၀ (၃ ဘီလီယံ) နဲ့ ဝယ်ယူဖို့ သဘောတူထားတယ်ဆိုတာ မဟုတ်ပါဘူး။ သရော်စာတွေ ရေးသားဖြန့်ဝေတဲ့ SpaceXMania ဆိုတဲ့ ဝက်ဘ်ဆိုဒ်က အောက်တိုဘာလ ၁၈ ရက်နေ့က စတင်ဖော်ပြခဲ့ရာကနေ နောက်ပိုင်းမှာ သတင်းမှားအဖြစ် ပြောင်းလဲလာခြင်းဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: အီလွန်မက်က CNN သတင်းဌာနကို ဒေါ်လာ သန်း ၃၀၀၀ နဲ့ဝယ်ဖို့ သဘောတူညီချက်ရတဲ့ သတင်းမှား
Written By: နေရာမောင်Result: False