Fact Check: ‌သောကြာဂြိုဟ်ပေါ်က ဓာတ်ပုံတပုံအတွက် ဒေါ်လာ သန်း ၃၀၀ အသုံးပြုခဲ့သလား

Misleading လူမှုရေး၊

ဆိုဗီယက်ယူနီယံရဲ့ သောကြာဂြိုဟ်လေ့လာရေးစီမံကိန်းက‌နေ ဂြိုဟ်ပေါ်ဆင်းသက်ရေးယာဉ်တွေထဲက ဂြိုဟ်ပေါ်ဆင်းသက်နိုင်ကာ ဓာတ်ပုံတွေရိုက်ကူးပြီး ပြန်လည်ပေးပို့နိုင်ခဲ့တာတွေကို  ပေါင်းစည်းထားပြီး မြင်ရတဲ့ မြင်ကွင်းဖြစ်တဲ့ ဓာတ်ပုံတပုံအတွက် အမေရိကန် ဒေါ်လာသန်း ၃၀၀ လောက်ကုန်ကျခဲ့တယ်လို့ ဆိုပြီး ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံမှုအားကောင်းနေတယ်။ အချက်အလက်တချို့ဟာ မှန်ကန်ပေမဲ့ ဓာတ်ပုံဟာ အကြိမ်ကြိမ် ပြင်ဆင် တည်းဖြတ်ထားတဲ့ သရုပ်‌ဖော် ဓာတ်ပုံတပုံဖြစ်တယ်။ ဓာတ်ပုံအတွက် သန်း ၃၀၀ ကုန်ကျခဲ့တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါ။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

“ဒီပုံတစ်ပုံရဖို့ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကုန်ကျတယ်တဲ့။ ဒီပုံက ကမ္ဘာမြေပေါ်ကပုံ မဟုတ်ဘူး။ သောကြာဂြိုဟ်လို့ ခေါ်ကြတဲ့ Venus ဂြိုလ်ပေါ်ကပုံ”

Original link | Archive link

အချက်အလက်စိစစ်ချက်

အာကာသလေ့လာရေးစီမံကိန်းတွေဟာ ကုန်ကျစရိတ်ကြီးမားပါတယ်။ဒုတိယ ကမ္ဘာစစ်အပြီးမှာ ဆိုဗီယက် ယူနီယံဟာ အာကာသစိုးမိုးရေးအစီအစဉ်တွေမှာရှေ့တန်း‌ရောက်ခဲ့သလို စစ်အေးကာလမှာ အမေရိကန်နဲ့အပြိုင် အာကာသလေ့လာရေး စီမံကိန်းတွေကို လုပ်ဆောင်ခဲ့ပြီး ကမ္ဘာဂြိုဟ်ကနေ တခြားဂြိုဟ်ကို စူးစမ်းလေ့လာ ရေးယာဉ်တွေ ဆင်းသက်နိုင်ပြီး ယာဉ်ကနေ ဓာတ်ပုံတွေ ပထမဆုံး ပြန်လည်လက်ခံရရှိတဲ့ နိုင်ငံတခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီစီမံကိန်းတွေမှာ ဘယ်လောက်ကုန်ကျစရိတ်ရှိခဲ့တယ်ဆိုတာကို ထုတ်ပြောတာမရှိလို့ နှစ်အလိုက် ကုန်ကျစရိတ် ခန့်မှန်းခြေတခု အနေနဲ့သာရှိခဲ့ပါတယ်။ 

ပြောဆိုမျှဝေထားတဲ့ သောကြာဂြိုဟ်မြင်းကွင်းဓာတ်ပုံနဲ့ ပတ်သက်ပြီး AFP က ၂၀၂၁ ခုနှစ်ထဲမှာ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီး ဖြစ်တာတွေ့ရတယ်။ 

တကယ်တော့  ဒီဓာတ်ပုံပါမြင်ကွင်းဟာ သောကြာဂြိုဟ်ဆင်းသက်ရေးယာဉ် Venera 13  ရဲ့ ရှေ့ကင်မရာနဲ့ နောက်ကင်မရာကနေ ရိုက်ကူးရရှိထားပြီး ကမ္ဘာမြေကို ပြန်လည်ပေးပို့နိုင်ခဲ့တဲ့ ဓာတ်ပုံ ၂ပုံက မြင်ကွင်းကို  နည်းပညာပိုင်းနဲ့ သုံးသပ်ပေါင်းစပ်ပြီး ဓာတ်ပုံဆော့ဖ်ဝဲလ်တခုနဲ့ ပြန်လည်တည်ဖြတ်ပြီး တဆက်တည်းမြင်ရတဲ့ မြင်ကွင်းအဖြစ် အမေရိကန် သုတေသီ Don P. Mitchell က ဖော်ပြခဲ့တဲ့ပုံဖြစ်တယ်

လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ နောက်ခံ အဝါရောင်သန်းနေတဲ့ ဓာတ်ပုံနဲ့ ပတ်သက်ပြီး AFP ကို Don P. Mitchell က မှတ်ချက်ပေးရာမှာတော့ အရောင်ထည့်ထားတဲ့ ဓာတ်ပုံဟာ သူလုပ်ခဲ့တာမဟုတ်ဘဲ တခြားသူတွေက လုပ်ခဲ့တာဖြစ်ပြီး အရမ်းမှန်ကန်မယ်လို့ မယူဆကြောင်းလည်း ပြောခဲ့ပါတယ်။

သောကြာဂြိုဟ်‌ပေါ် ဆင်းသက်ခဲ့တဲ့ ယာဉ်တွေထဲကမှ ဓာတ်ပုံပြန်လည် ပေးပို့ခဲ့တဲ့ Venera 9၊ Venera 10၊   Venera 13 နဲ့ Venera 14 ယာဉ်တွေက ရိုက်ကူးပေးပို့ခဲ့တဲ့ ဓာတ်ပုံတွေကို Planetary.org မှာလည်း တွေ့နိုင်ပါတယ်။

သုံးသပ်ချက်ဓာတ်ပုံဟာ သောကြာဂြိုဟ်ဆင်းသက်ရေးယာဉ်တွေထဲက ရိုက်ကူးခဲ့တဲ့ အစိတ်အပိုင်းတွေကို ပြန်လည် ပေါင်းစည်းထားပြီးမှသာ မြင်ရတဲ့ မြင်ကွင်းတွေလို့ ဆိုတာမှန်ကန်ပေမဲ့ ဒီဂျစ်တယ်နည်းလမ်းနဲ့ ပြန်လည်ပုံဖော် ထားပြီး  မူလ သုတေသီက အရောင်နဲ့ ပြသခဲ့တာမျိုးမရှိဘူးလို့ ငြင်းဆိုထားသလို ဒီအရောင်ဟာ တကယ်ပဲ သောကြာဂြိုဟ်ပေါ်မှာ မြင်ရနိုင်သလားဆိုတာလည်း မသေချာပါဘူး။ ဒီအပြင် အာကာသစူးစမ်းရှာဖွေရေး စီမံကိန်းတွေဟာ နည်းပညာပိုင်းဆိုင်ရာ အထွဋ်အထိပ်ကျမှုကို ဦးတည်တာဖြစ်ပြီး ဓာတ်ပုံတပုံအတွက် ဒေါ်လာ သန်း ၃၀၀ ကုန်ကျခဲ့တယ်လို့ မဆိုလိုနိုင်ပါဘူး။

Avatar

Title:Fact Check: ‌သောကြာဂြိုဟ်ပေါ်က ဓာတ်ပုံတပုံအတွက် ဒေါ်လာ သန်း ၃၀၀ အသုံးပြုခဲ့သလား

Fact Check By: နေရာမောင်  

Result: False