
ရန်ကုန်အပါအဝင် မြို့ ၄ မြို့ ဒီညမှာ အင်အား ၈ ဒဿမ ၉ ရှိတဲ့ ငလျင်ကြီးတခု ထပ်လှုပ်ဖို့ရှိတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ပို့စ်တခု ယူကျူ့မှာ ဧပြီ ၁၇ ရက်က ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။အလားတူတဲ့ မျှဝေမှု ကို ဒီနေရာမှာလည်းတွေ့ရတယ်။
“ဒီနေ့ည မျို့ကြီး ၄ မြို့ ငလျင် အရေးပေါ်
ဖျက်အားပြင်း ငလျင် ၈.၉ ခန့်
ရန်ကုန်ပါဝင်လာပြီး
မြန်မာပြည် အခြေအနေဆိုပြီ”
အချက်အလက်စိစစ်ချက်
တကယ်တော့ ဒီပြောဆိုချက်နဲ့ အလားတူတဲ့ ရေးသားမျှဝေမှုဖြစ်တဲ့ ဧပြီ ၂၁ ရက်မှာ မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၅ နိုင်ငံအထိ ခံစားရမယ့် အင်အားပြင်း ငလျင်ကြီး ထပ်မံလှုပ်ခတ်မယ်ဆိုတဲ့ သတင်းဟာ ကောလာဟလ ဖြစ်ကြောင်း Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
အဓိက အားဖြင့် ငလျင်ကို ဘယ်အချိန်၊ ဘယ်နေရာမှာ ပြင်အား ဘယ်လောက်နဲ့ လှုပ်ခတ်မယ်ဆိုပြီး တွက်ချက်လို့ မရနိုင်ကြောင်း ငလျင်ပညာရှင်တွေက ဝန်ခံထားပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ကမ္ဘာ့မြေမျက်နှာ သွင်ပြင်နဲ့ ငလျင်အကြောင်းကို အထူးလေ့လာ တိုင်းထွာပြီး သတိပေးချက်တွေ ထုတ်ပြန်လေ့ရှိတဲ့ အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးဌာနတခုဖြစ်တဲ့ USGS က ငလျင်ကို မည်သည့် ပညာရှင်မှ ခန့်မှန်းနိုင်ခြင်းမရှိကြောင်း ငြင်းဆိုချက်ဖြစ်တယ်။
မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဌာနကလည်း ဒီလို ငလျင်ကြိုတင်ဟောကိန်းသတင်းတွေ လူမှုကွန်ယက်မှာ ပျံ့နှံ့လာပြီးနောက် မည်သည့် နိုင်ငံ၊ မည်သည့် ပညာရှင်ကမျှ ငလျင်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိကြောင်း အသိပေးထားပါတယ်။
သုံးသပ်ချက်
အင်အား ၈ ဒဿမ ၉ ရှိတဲ့ ငလျင်ကြီး ရန်ကုန်အပါအဝင် မြန်မာနိုင်ငံမှာ ထပ်မံလှုပ်ခတ်မယ်ဆိုတာဟာ နားလည်မှုလွဲစေနိုင်တဲ့ အထောက်အထားမဲ့ပြောဆိုချက်ဖြစ်တယ်။ တကယ်တမ်းမှာ ငလျင်လှုပ်မယ့် အချိန်အတိအကျနဲ့ ပြင်းအားဘယ်လောက်နဲ့ လှုပ်ခတ်မယ်ဆိုတာကို လက်ရှိအချိန်အထိ ငလျင်ကျွမ်းကျင်သူ တွေအပါအဝင် ငလျင်သိပ္ပံပညာရှင်တွေက ခန့်မှန်းလို့မရနိုင်ကြောင်း ဝန်ခံထားပါတယ်။

Title:Fact Check: ရန်ကုန်မှာ အင်အား ၈ ဒဿမ ၉ အင်အားရှိတဲ့ ငလျင်ကြီးလှုပ်ခတ်မယ် ဆိုတဲ့ သတင်းတု
Written By: နေရာမောင်Result: False