
စစ်တွေကို အာရက္ခတပ်တော်(AA)သိမ်းလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တွေက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။
အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ အလားတူတဲ့ ရေးသား မျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။
“စစ်တွေမြို့ကို AA (၁)ညနဲ့ အပြီးသတ်သိမ်း
ဝန်ကြီးချုပ်နဲ့နယ်လုံဝန်ကြီးအရှင်ဖမ်းမိ
စစ်ခွေးသောင်းချီလက်နက်ချပြီဟေ့”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေလုပ်သလို လုံးဝ လုပ်ကြံရေးသားပြောဆို ချက်တွေ ဖြန့်ဝေတာတွေ လုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်တွေနှင့် လွိုင်လင်လေးမြို့နယ်တို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဘုန်းကြီးကျောင်းနှင့် ပြည်သူများ၏ နေအိမ်များ မီးလောင်ပျက်စီး”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြထားခြင်းဖြစ်တယ်။ မူလသတင်းဖော်ပြချက်တပုဒ်လုံးမှာ စစ်တွေမြို့ကို AA ကသိမ်းပိုက်လိုက်ပြီဆိုတဲ့ ဖော်ပြချက်တစုံတရာ မပါရှိပါဘူး။
သုံးသပ်ချက်
စစ်တွေကို AA သိမ်းလိုက်ပြီဆိုတာ မဟုတ်ပါ ဘူး။ “Star Vibes”ဟာ အခုလိုပဲ လုပ်ကြံရေးသားချက်တွေ ဖြန့်ဝေနေတဲ့ ချန်နယ်တခုဖြစ်တယ်။