Fact Check: ဗိုလ်နဂါး သေပြီလား – အထောက်အထားမရှိပါ

False နိုင်ငံရေး | Politics

စစ်ကောင်စီတပ်ဆီကို လက်နက်ချ အလင်းဝင်သွားတဲ့ ဗိုလ်နဂါးကို သေသွားပြီလို့ MRTV က ကြေညာတယ်ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေနေတာတွေ့ရတယ်။ သတင်းတုဖြစ်တာတွေ့ရတယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ‌အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၅ သိန်းကျော် ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရတယ်။ 

“ဗိုလ်နဂါး အလင်းဝင်မှ အသက် ‌သေရပြီ၊ ခုပဲ MRTV အတည်ပြုလို့ လန့်ကုန်ပြီ ၅ရက်တိတိ စစ်ကြောရေးမှာ ရိုက်သတ်ခံရ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဒီသတင်း ဖော်ပြချက် မရှိပါဘူး။ MRTV က အခုလို ဗိုလ်နဂါး သေဆုံးကြောင်း ကြေညာတယ်လို့ အခု ဖြန့်ဝေနေတဲ့ ဗွီဒီယို အစမှာ ပြသတဲ့ ရုပ်ကတ်မှာ ဆိုထားပေမဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ MRTV မှာလည်း ဒီလိုဖော်ပြချက် မတွေ့ရပါဘူး။

ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens” ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့ သတင်း မီဒီယာ တချို့က သတင်းတွေကို ပြန်လည်ကူးယူပြီး ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာကို  ဒီလင့်ခ်မှာ ကြည့်ပါ။ 

ဒီသတင်းတု ဗွီဒီယိုထဲမှာ တကယ်တမ်းဖော်ပြထားတာက ဧရာဝတီတိုင်းမ်သတင်းဌာနက ဖော်ပြခဲ့တဲ့ “BNRA အဖွဲ့ခေါင်း ဆောင် ဗိုလ်နဂါး(ခေါ်)နိုင်လင်း ကို မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အတွင်း၌ စစ်ကြောမေးမြန်းမှုများ ပြုလုပ်နေ”တဲ့ သတင်းကို ပြန်လည်ဖော်ပြထားတယ်။ မူလသတင်းဖော်ပြချက်မှာ ဗိုလ်နဂါး သေဆုံးတဲ့အကြောင်းမပါဝင်ပါဘူး။

၅ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ် ဖော်ပြထားကတော့ ရန်ကုန်ခေတ်သစ် သတင်းဌာနကဖော်ပြခဲ့တဲ့ “ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်တံတားအဆင်းတွင် စစ်တပ်နှင့်ရဲများက မှတ်ပုံတင်စစ်ဆေးပြီး ငွေညှစ်မှုများ အကြီးအကျယ် လုပ်နေ”ဆိုတဲ့ သတင်းပဲဖြစ်တယ်။

သုံးသပ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens” ယူကျူ့ချန်နယ်ဟာ လုပ်ကြံသတင်းတွေနဲ့ မီဒီယာတချို့က သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး ခေါင်းစဉ် တုတပ် ဗွီဒီယိုတွေကာ ပြန်လည် ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ဗိုလ်နဂါးကို သေသွားပြီလို့ MRTV က ကြေညာတယ်ဆိုတဲ့ အထောက်အထားမရှိသလို ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာလည်း ‌ဖော်ပြချက်မရှိပါဘူး။

Avatar

Title:Fact Check: ဗိုလ်နဂါး သေပြီလား – အထောက်အထားမရှိပါ

Fact Check By: Zun Zee  

Result: False