လေယာဉ်ဆီပြတ်တောက်သွားပြီးလို့ စစ်တပ်ခေါင်းဆောင်က ဝန်ခံလိုက်ပြီး လေယာဉ်နဲ့ ဗုံးကြဲမှုတွေ အားလုံးရပ်ဆိုင်းထားရတယ်ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြန့်ဝေမှုတွေသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ မတ် ၆ ရက်မှာ ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၈၆၀၀၀ ကျော်ရရှိထားတယ်။
“လေယာဉ်ဗုံးကြဲမှု အားလုံးရပ်ဆိုင်း
ဆွေးနွေးရန် ချက်ချင်းလေသံပြောင်းပြီ
လေယာဉ်ဆီများ အားလုံး ကုန်ပြီဟု တပ်ချုပ်ဝန်ခံ
တပ်တွင်း လေယာဉ်ဆီတွေ ခိုးရောင်းမှု အများအပြား အဖမ်းခံရ”

အချက်အလက်စိစစ်ချက်
လေယာဉ်ဆီ ပြတ်လပ်သွားပြီလို့ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ခံလိုက်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေရပ်ဆိုင်းထားတာ စတဲ့ သတင်းတွေ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေနဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ တစုံတရာဖော်ပြချက် မတွေ့ရပါဘူး။ မတ် ၆ ရက် ညမှာပဲ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ကို စစ်တပ်က လေယာဉ် ၄ စီးနဲ့ ဗုံးအမြောက်အများ ကြဲချခဲ့သလို မတ် ၇ ရက်မှာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် သုံးနှစ်အရွယ်ကလေး ဒဏ်ရာအပြင်းအထန်ရပြီး မိခင်ဖြစ်သူ ကွယ်လွန်ခဲ့ရပါတယ်။
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ ပြီးဖြစ်တဲ့ သတင်းအကြောင်းအရာတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တပ်ကာ ပြန်လည် ဖြန့်ချိပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က မကြာခဏ အချက်အလက် စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။
အခုလည်း သံလွင်တိုင်းမ်သတင်းဌာနကဖော်ပြခဲ့တဲ့ “အီရန်စစ်ပွဲကြောင့် စစ်တပ်ရဲ့ လေယာဉ်ဆီရရှိရေး ရိုက်ခတ်လာနိုင်”၊ “နိုင်ငံရေးအကျဉ်းသား ၄၄၀၀ ကျော်သာ ပြန်လွတ်သေးတယ်လို့ PPNM ပြော”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်
“Mandalay KhitThit”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ လေယာဉ်ဆီပြတ်တောက်သွားပြီးလို့ မြန်မာစစ်ခေါင်းဆောင်က ဝန်ခံခဲ့တဲ့ အထောက်အထားမရှိပါဘူး။ မတ် ၇ ရက်နေ့အထိ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ထိခိုက်သေဆုံးမှု တွေရှိခဲ့ပါတယ်။

