
ကမ္ဘာတစ်လွှားမှာကပ်ရောဂါကြောင့် အသွားအလာကန့်သတ်ခြင်းနဲ့ မဖြစ်မနေလုပ်ငန်းဆောင်တာတွေကလွဲလို့ လူစုလူဝေးရှောင်ကြဉ်ဖို့ ဆောင်ရွက်နေရခြင်းမှာ စီးပွားရေးထိခိုက်မှုတွေက အနည်းနဲ့အများဆိုသလိုရှိကြတာ မလွဲမသွေကိစ္စပဲဖြစ်ပါတယ်။ ဒီ COVID-19 ကူးစက်မှုပျံ့နှံမှုကြောင့်ထိခိုက်ခဲ့တဲ့နိုင်ငံတွေထဲမှာလည်း ထိုင်းနိုင်ငံ ဟာလည်း အပါအဝင်ဖြစ်ပါတယ်။ ဧပြီ ၂၄ ရက်အထိ ထိုင်းနိုင်ငံမှာ ပိုးတွေ့ အတည်ပြုလူနာ ၂၈၀၀ ကျော်နဲ့ သေဆုံးသူ ၅၀ ဉီး၊ ပြန်လည်ကောင်းမွန်လာသူ ၂၄၉၀ ဉီးရှိတယ်လို့ worldmeters.info ရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဒီလိုအခြေအနေမျိုးမှာ “ခမ်းဟေမန်” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “ထိုင်းမှာ ကိုဗစ်-19 နောက်ဆက် တွဲပြဿနာကြောင့် နေ့စဉ် ရေထဲခုန်ချ အသေခံတာတို့၊ ဆွဲကြိုးချအသေခံတာတို့ နေ့စဉ်ဖြစ်ပေါ်နေပါတယ်။ ထို့ကြောင့် အဆင်မပြေတာလေးရှိနေရင် သီးခံအောင့်အင်းပြီးနေကြပါ ရှိတာလေးနဲ့ လောက်အောင်စား ရတာလေးနဲ့ ကျေနပ်ကြပါလို့ ပြောချင်ပါတယ်။”ဆိုပြီး ဓာတ်ပုံတစ်ချို့နဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်း မျှဝေလာပါတယ်။

အချက်အလက်စိစစ်ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
ပထမဆုံး ဓာတ်ပုံကို Google မှာပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံနဲ့တူ ဝက်ဘ်ဆိုဒ်အသီးသီးကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဝက်ဘ်ဆိုဒ်အသီးသီးက ဒီဓာတ်ပုံဖော်ပြခဲ့တဲ့ရက်စွဲမှာ ၂၀၁၉ ခုနှစ် သြဂုတ် ၂၁ ရက်ဖြစ်နေတာတွေ့ရပါတယ်။
kapook ဆိုတဲ့ဝက်ဘ်ဆိုဒ်မှာ ထိုင်းဘာသာစကားနဲ့ရေးသားထားတဲ့ ဒီသတင်းကို Google Translate အသုံးပြုပြီး မြန်မာဘာသာကို ပြန်ဆို ကြည့်ရာမှာ လက်ချင်းချိတ်ပြီး သက်သေသွားကြတဲ့ လင်မယားဟာ စီးပွားရေး အဆင်မပြေတဲ့အတွက် သတ်တမ်းစာရေးပြီး သတ်သေသွားကြတဲ့အကြောင်းရေးသားထားတာတွေ့ရပါတယ်။

အလားတူ thairath ဆိုတဲ့ဝက်ဘ်ဆိုဒ်ကလည်း အလားတူဖော်ပြထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါ အချက်အလက်တွေအရ လက်ချင်းချိတ်ပြီး သက်သေသွားကြတဲ့ လင်မယားဟာ စီးပွားရေး အဆင်မပြေလို့ သတ်သေသွားတာမှန်ပေမဲ့ COVID-19 ကပ်ရောဂါနဲ့သက်ဆိုင်ခြင်းမရှိဘဲ ၂၀၁၉ ခုနှစ် သြဂုတ်လထဲက အဖြစ်အပျက်ဖြစ်တာတွေ့ရတဲ့အတွက် သတင်းမှားဖြစ်ပါတယ်။

Title:ထိုင်းမှာ COVID-19 နောက်ဆက်တွဲပြဿနာကြောင့် လင်မယားနှစ်ယောက်ကြိုးဆွဲချ သေခဲ့တာလား… အမှန်က ဒီလိုပါ
Fact Check By: Nayar MaungResult: False