Fact Check: ရန်ကုန်က ခြံအမှတ် ၅၄ နေအိမ်ကို ရောင်းဖို့ကြိုးစားတဲ့ ဦးအောင်ဆန်းဦး ပစ်သတ်ခံရလို့ သေဆုံးတဲ့ သတင်းတု

နိုင်ငံရေး | Politics

ရန်ကုန်က ခြံအမှတ် ၅၄ နေအိမ်ကို ရောင်းတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကို ဦးအောင်ဆန်းဦးကို ပစ်ခတ်ခံရလို့ သေဆုံးသွားပြီလို့ဆိုထားတဲ့  ဗွီဒီယို ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။

အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  

“ခြံအမှတ်(၅၄)နေအိမ်ရောင်းတဲ့ အောင်ဆန်းဦး

ပစ်သတ်ခံရပြီး သေဆုံး

စစ်တပ်က လုပ်ကြံပြီး PDF တွေကိုထိုးချ/ လောဘကြီး

လို့  သေရပြီဟာ။ အမေစုကိုပဲသနားတယ်။”

မူရင်းလင်ခ့် – Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံသတင်းမှားတွေ ဖြန့်ချိတာ တွေလုပ်တဲ့နေရာတခု ဖြစ်တာတွေ့ရတယ်။ 

အခုလည်း တကယ်တမ်း ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကပ်ဗွီဒီယိုထဲမှာ ဦးအောင်ဆန်းဦး ပစ်ခတ်ခံရပြီး သေဆုံးတယ်လို့ဆိုထားပေမဲ့ ဒေါ်‌အောင်ဆန်းစုကြည် နေထိုင်ခဲ့ပြီး သမိုင်းတန်ဖိုးရှိနေတဲ့ ရန်ကုန်က ခြံအမှတ် ၅၄ ကို ဦးအောင်ဆန်းဦးက လျှော့စျေးနဲ့ရောင်းချနိုင်ဖို့အတွက် တရားရုံးမှာ လျှောက်ထားမှုကို နှစ်ဘက်ရှေ့နေတွေက  မတ် ၂၀ ရက်မှာ အပြန်အလှန်လျှောက်လဲချက်ပေးခဲ့ပြီး တရားရုံး မကြာမီဆုံးဖြတ်မယ့်အကြောင်းသာ ဖော်ပြထားတယ်။ ဒီသတင်းဟာ လွတ်လပ်တဲ့ အာရှအသံသတင်းဌာနက ဖော်ပြခဲ့တဲ့ “ခြံအမှတ် (၅၄) လျှော့စျေးနဲ့ လေလံတင်၊ မတင် မကြာခင် ဆုံးဖြတ်မည်”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြထားခြင်း လည်းဖြစ်တယ်။ မူလသတင်းဖော်ပြချက်ကို ဒီလင့်ခ်မှာကြည့်ပါ။ 

သုံးသပ်ချက်

“Star Vibes”ဟာ လုပ်ကြံသတင်းမှားတွေ ဖြန့်ချိတာ တွေလုပ်တဲ့နေရာဖြစ်တယ်။ ရန်ကုန်က ခြံအမှတ် ၅၄ နေအိမ်ကို ရောင်းချဖို့ ကြိုးစားနေတဲ့ ဦးအောင်ဆန်းဦး ပစ်သတ်ခံရလို့ သေဆုံးပြီဆိုတာ သတင်းတုသာဖြစ်တယ်။

Avatar

Title:Fact Check: ရန်ကုန်က ခြံအမှတ် ၅၄ နေအိမ်ကို ရောင်းဖို့ကြိုးစားတဲ့ ဦးအောင်ဆန်းဦး ပစ်သတ်ခံရလို့ သေဆုံးတဲ့ သတင်းတု

Written By: နေရာမောင်  

Result: False