
ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူကိုယ်တိုင် လာခေါ်ထုတ်သွားပြီလို့ဆိုထားတဲ့ ဗွီဒီယိုတခု “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်တယ်။
အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ဗွီဒီယိုကရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။
“သားဖြစ်သူကိုယ်တိုင်လာခေါ်ထုတ်လို့
အမေစု ပြည်ပနိုင်ငံကို ရောက်သွားပြီ”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး ခေါင်းစဉ်တုတပ်ဖော်ပြတာ ဒါမှမဟုတ် လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ဝေတာတွေလုပ်နေတဲ့ နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း သတင်းမှားဖြန့်ဝေနေတဲ့ ဗွီဒီယိုထဲမှာ သားဖြစ်သူ ကင်အဲရစ်က စစ်ခေါင်းဆောင်ဆီကို စာပေးပို့လိုက်တယ်အကြောင်းပါဝင်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရမှု ၄ နှစ်ပြည့်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံရတာလည်း ၄ နှစ်ရှိခဲ့ပါပြီ။ ဒီ ၄ နှစ်ပြည်နေ့မှာ ဗြိတိန်မှာနေတဲ့ သားဖြစ်သူ ကင်အဲရစ်က အင်္ဂလန်အခြေစိုက် စစ်ကောင်စီ သံရုံးကို သွားပြီး စာတစောင် ပေးပို့ခဲ့တာတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ထုတ်လွှင့်ချက်မှာတွေ့ရပါတယ်။
စစ်ခေါင်းဆောင်ထံလိပ်မူရေးသားတဲ့ သူ့အမေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုစာကို အင်္ဂလန်က မြန်မာသံရုံးရှေ့မှာ သူ့ကိုယ်တိုင်သွားပေးဖို့ ကြိုးစားပေမဲ့ တစုံတယောက်မျှ ထွက်လာပြီး လက်ခံတွေ့ဆုံ ယူဆောင်ခြင်းမရှိပါဘူး။ ဒီအကြောင်းကို မီဒီယာတွေမှာ ဒီသတင်းကို ဖော်ပြခဲ့ပါတယ်။(ဒီလင့်ခ်မှာကြည့်ပါ)
သုံးသပ်ချက်
Star Vibes ဟာ လုပ်ကြံရေးသားချက်တွေ ဖြန့်ဝေနေတဲ့ နေရာသာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရပြီး ပြည်ပကို ပြန်လည်ခေါ်ထုတ်သွားပြီဆိုတာ မဟုတ်ပါဘူး။ သားဖြစ်သူ ကင်အဲရစ်က စစ်ခေါင်းဆောင်ဆီလိပ်မူပေးပို့တဲ့ စာကိုတောင် အင်္ဂလန်က မြန်မာသံရုံးဝန်ထမ်းတွေက ထွက်ယူတာမျိုး မတွေ့ရဘဲ စာပို့တဲ့ အပေါက်ကနေသာ ချန်ထားခဲ့ရတာတွေ့ရပါတယ်။
ပြောဆိုချက်- ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူကိုယ်တိုင် ပြည်ပကိုလာခေါ်ထုတ်သွားပြီ

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူကိုယ်တိုင် လာခေါ်ထုတ်သွားပြီဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False