
မြန်မာနိုင်ငံမှာ Covid-19 ကာကွယ်ဆေးကို ၂၀၂၀ နှစ်ကုန်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကြေညာခဲ့ တယ်ဆိုပြီး မျှဝေနေတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ စံတော်ချိန်သတင်းစာနဲ့ TV မှာ ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းမှာ covid 19 ရောဂါကာကွယ်ဆေး တရားဝင်ရရှိပြီလို့ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်ကြေညာခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကလည်း နှစ်ကုန်ပိုင်းမှာ ဆေးရမယ်လို့ တရားဝင်ပြောကြားထားပါတယ်ဆိုပြီးတော့ရေးသားထားပါတယ်။
ဒီလိုမျှဝေနေတဲ့ အချက်အလက်တွေဟာ သတင်းမှားဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ COVID-19 ဆေးကို နှစ်ကုန်ပိုင်းမှာ ရမယ်လို့ ပြောကြားခဲ့ခြင်းမရှိသလို WHO ကလည်းပြောကြားခဲ့ခြင်းမရှိပါဘူး။
အလားတူပြောဆိုမျှဝေနေတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေ မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အောက်တိုဘာ ၁ ရက်ကနေ ၁၄ ရက်ကြားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူများသို့ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းပြောကြားချက် ၄ ကြိမ်ရှိပါတယ်။ ဒီမိန့်ခွန်းတွေထဲမှာ COVID-19 ကုသဆေးတစ်ခု နဲ့ ပတ်သက်ပြီးပြောကြားချက်တစ်ခုကို လူထုကို အောက်တိုဘာ ၉ ရက်ကပြောကြားခဲ့တာတွေ့ရပါတယ်။
၁၆ မိနစ်နဲ့ ၁၇ စက္ကန့်ကြာမြင့်တဲ့ ဒီဗွီဒီရဲ့ ၆ မိနစ်နဲ့ ၆ မိနစ် ၄၅ စက္ကန့်ကြားမှာ ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။
“ကြွားသလိုတော့ဖြစ်ပေမဲ့ ပြောရမယ်ဆိုရင် ကျွန်မတို့ကနေပြီးတော့ အခု အမေရိကန်သမ္မတကြီးအတွက် သုံးနေတယ်ဆိုတဲ့ဆေးကို ကျွန်မတို့ တတ်နိုင်သလောက်ပေါ့ ကျွန်မတို့ ပြည်သူတွေအတွက် သုံးနေပါတယ်။ အဲဒီဆေးကိုတော့ တော်တော်ကျွန်မပါးစပ်ထဲကပြောရတာခက်တယ်။ ရမ်ဒမ်ဆဗီး(Remdesivir)လို့ အသံထွက်တယ်လို့ ထင်ပါတယ်။ အဲဒီဆေးကနေပြီးတော့ ကျွန်မတို့ အိန္ဒိယကနေဝယ်ထားတာရှိပါတယ်။ အိန္ဒိယနိုင်ငံကနေပြီးတော့ လှူထားတာတွေလည်းရှိပါတယ်။ ဒါဟာ ရောအခြေအနေနည်းနည်းပြင်းထန်တဲ့ လူနာတွေအတွက် သုံးပါတယ်။ အားလုံးအတွက်သုံးနိုင်တဲ့အခြေအနေတော့မရှိသေးပါဘူး။ ဒါပေမဲ့လည်း ပိုပိုပြီးတော့လည်း ထပ်ပြီးတော့ ဝယ်ယူပါ့မယ်။ထပ်ပြီးတော့ ကျွန်မတို့ သုံးသင့်သုံးထိုက်တဲ့ လူနာတွေအတွက် သုံးသွားမှာဖြစ်ပါတယ်”
ထို့အပြင် Remdesivir ဟာ COIV-19 ရောဂါကို အရေးပေါ်ကုသမှုမှာ အသုံးပြုတဲ့ဆေးဖြစ်ပြီး အမေရိကန်နိုင်ငံက အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ယာယီလိုင်စင်ထုတ်ပေးထားတာဖြစ်ပြီး ကာကွယ်ဆေးမဟုတ် တာ တွေ့ရပါတယ်။
ဒီလိုတူညီစွာပျံ့နှံ့လျက်ရှိတဲ့ပိုစ်တွေရဲ့ ရက်အပိုင်းနဲ့ နာရီအပိုင်းအခြား လေ့လာကြည့်ရာမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဒီပြောကြာချက်အပြီးမှာ လူမှုကွန်ယက်မှာစတင်ဖြန့်ဝေလာတာတွေ့ရတယ်။
နောက်တစ်ခုကတော့ “2020 နှစ်ကုန်ပိုင်းမှာ ၁၂လပိုင်းပေါ့ covid 19 ရောဂါကာကွယ်ဆေး တရားဝင်ရရှိပါပြီ ။ဆေး ၁ လုံးကိုယ်လည်း မြန်မာကျပ်ငွေ ၄၀၀၀ ဖြင့်ရအောင်ဆောင်ရွက်ပေးပါမည်လို့ ။WHO ကလည်းတရားဝင် ပြောကြားထားပါတယ်”လို့ရေးသားထားတာတွေ့ရပါတယ်။ ဒီအချက်အလက်နဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့အပါအဝင် ကျန်းမာရေး အာဏာပိုင်တစ်ယောက်က အများပြည်သူကို အသိပေး ပြောကြားထားတာမျိုး မတွေ့ရှိရပါဘူး။
အောက်တိုဘာ ၁၅ ရက် ယခုစာရေးသားနေချိန်အထိ COVID-19 ကာကွယ်ဆေးသို့မဟုတ် ကုသဆေးကို WHO က အတည်ပြု ထားခြင်းမရှိသေးပါဘူး။ ကာကွယ်ဆေးထုတ်လုပ်ဖို့ကြိုးပမ်းနေတဲ့ ဆေးတွေရဲ့ တိုးတက်ဖြစ် ထွန်းမှုအခြေအနေကို WHO က ဒီနေရာမှာဖော်ပြထားပါတယ်။
ကာကွယ်ဆေးကို ဒီနှစ်ကုန်ပိုင်းလောက်မှာ ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ကပြောကြားထားပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ မြန်မာနိုင်ငံမှာ Covid-19 ကာကွယ်ဆေးကို ၂၀၂၀ နှစ်ကုန်ရင်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကြေညာခဲ့တယ်ဆိုပြီးမျှဝေနေတဲ့ပြောကြားချက်ဟာ အထောက်အထားမရှိပါဘူး။

Title:မြန်မာနိုင်ငံမှာ Covid-19 ကာကွယ်ဆေးကို ၂၀၂၀ နှစ်ကုန်ရမယ်လို့ ကြေညာခဲ့တယ်ဆိုတာမဟုတ်ပါ
Fact Check By: Nayar MaungResult: False