
မြွေပွေးကိုက်ခံရရင် ကျောက်ချဉ်ကြွေးရတယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက် သုံးစွဲသူတွေ အကြားမှာ ပျံ့နှံ့ လျက်ရှိပါတယ်။
ဖိတ်စာပုံစံကို ဓာတ်ပုံရိုက်ထားတဲ့ ဒီပို့စ်မှာ မြွေပွေးကိုက်ခံရလျှင် ကျောက်ချဉ်ကို ချိုချဉ်လုံး ၃ လုံးစာလောက် ရွေးဖို့၊ပြီးမှ ဆေးခန်းသွားဖို့ဆိုပြီးတော့ ပြောထားတွေ့ရပြီး ရေပြည့်ကျေးရွာမှာ ကျောက်ချဉ်စားကာကွယ်လို့ မြွေကိုက်ခံရပေမဲ့ တစ်ယောက်မှ အသက်မဆုံးရှုံးခဲ့ကြောင်း ရေးသားမျှဝေထားတာဖြစ်ပါတယ်။ ဒီပို့စ်မှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေလည်းပါထားတာတွေ့ရပါတယ်။

၂၀၁၈ ခုနှစ် ြသဂုတ် ၂၁ ရက်က “Han Win Naing”အမည်နဲ့ အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတဲ့ပို့စ်ကို ပြန်လည်မျှဝေခြင်းဖြစ်ပြီး ပြီးခဲ့တဲ့တစ်နှစ်ကျော်ကြာလအတွင်းမှာ လူမှုကွန်ယက်သုံးစွဲသူ ၁ သိန်း ၆ သောင်းကျော်က ဒီအချက်အလက်ကို ပြန်လည်မျှဝေခဲ့ကြပြီးဖြစ်ပါတယ်။
အချက်အလက်စိစစ်ချက်
မြွေပွေးကိုက်ခံရရင် ကျောက်ချဉ်ကြွေးရတယ်ဆိုတဲ့အချက်အလက်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာမျိုးသန့်က Fact Crescendo Myanmar ကို အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
“မြွေကိုက်တယ်ဆိုရင်တော့ မြွေဆိပ်ဖြေဆေးဆိုတာရှိတယ်လေ။ anti snake venom ပေါ့။ မြွေပွေးဆိုရင် မြွေပွေး၊ မြွေဟောက်ဆိုရင် မြွေဟောက်ပေါ့။ မြွေတွေရဲ့အပေါ်မှာမူတည်ပြီးတော့ မြွေဆိပ်ဖြေဆေးဆိုတာ တော်တော် specific ရှိတယ်ပေါ့။ ဉပမာဆိုပါတော့ မြွေဆိပ်ဖြေဆေးမှာ မြွေပွေးကိုက်တာကို မြွေဟောက်ဖြေဆေးနဲ့ လုပ်မယ်ဆိုရင်တောင်မှ များမှာမဟုတ်ဘူး။ သူ့ရဲ့ မြွေအမျိုးအစားလိုက်ပေါ့။ အခုမြွေပွေးဆိုတဲ့ဟာက viper အမျိုးအစားလို့ ယူဆရတယ်။ သူနဲ့သက်ဆိုင်တဲ့ anti snake venom သီးသန့်ကသာထိရောက်တယ်ပေါ့။ အရမ်းအဆိပ်ပြင်းတဲ့ တကယ်လို့ မဟုတ်တာ တလွဲလုပ်လို့ရှိရင် အသက်အန္တရာယ်ဆုံးရှုံးတာတွေ ဖြစ်နိုင်တယ်။ နောက်တစ်ခုက တစ်ချို့လွဲမှားတဲ့ အယူအဆတွေက တကယ်ပဲ အသက်ကို မထိခိုက်ဘူးဆိုရင်တောင်မှ ဒီကျောက်ကပ်တွေ ပျက်စီးတာတို့ စသည်ဖြင့် ဖြစ်တတ်တယ်။ ဒီလွဲမှားတဲ့ဟာတွေကို မလုပ်ဖို့ လိုတယ်ပေါ့။ အဓိက မြွေဆိပ်ဖြေဆေးသည်သာ အကောင်းဆုံးနဲ့ အထိရောက်ဆုံး ဆေးနည်းဖြစ်ပါတယ်”လို့ ဒေါက်တာ မျိုးသန့်က ပြောပါတယ်။ တိုင်းရင်းဆေးနည်းအရအပါအဝင် ကျောက်ချဉ်ဟာ မြွေဆိပ်ဖြေနိုင်တယ်ဆို တဲ့လေ့လာချက် အထောက်အထားမရှိဘူးလို့ ဒေါက်တာ မျိုးသန့်က ပြောပါတယ်။
မြွေကိုက်ခံရပြီဆိုရင် နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်လာရောက်ဖို့နဲ့ မြွေလိုက်ရှာခြင်းအားဖြင့် အချိန်မဖြုန်းဖို့၊ လူနာကို လှုပ်လှုပ်ရှားရှားမလုပ်စေဖို့စသည်ဖြင့် ကျန်းမာရေးဝန်ကြီးဌာန မြွေကိုက်မှု အန္တရာယ်သတိပေးချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
Google မှာ “alum and snake poison”စသည်ဖြင့်ရှာဖွေကြည့်ရာမှာလည်း ကျောက်ချဉ်နဲ့ ပတ်သက်ပြီး မြွေဆိပ်ဖြေသတ္တိရှိတယ်ဆိုတဲ့ အထောက်အထားမျိုး တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ မြွေပွေးကိုက်ခံရရင် ကျောက်ချဉ်ကြွေးပါက မြွေဆိပ်ဖြေနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျအထောက်အထားမရှိတဲ့အတွက် အချက်အလက်မှားအဖြစ်မှတ်ပါတယ်။ မြွေကိုက်ခံရပြီဆိုရင် ရှေ့ဉီးသူနာပြုစုနည်းကို တိကျစွာလိုက်နာပြီး နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်လာရောက်ဖို့နဲ့ မြွေလိုက်ရှာခြင်းအားဖြင့် အချိန်မဖြုန်းဖို့ လိုအပ်ပါတယ်။

Title:မြွေပွေးကိုက်ခံရရင် ကျောက်ချဉ်ကြွေးရတယ်ဆိုတဲ့ အချက်အလက်မှား
Fact Check By: Nayar MaungResult: False