နေပြည်တော်မှာငလျင်ထပ်လှုပ်ပြီး စစ်ရှုံးချုပ် ပြိုကျကာ စစ်ခေါင်းဆောင် မိသားစုလိုက်သေဆုံးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု တခုသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။
“နေပြည်တော် အပြင်းထန်ဆုံး ငလျင်ထပ်လှုပ် စစ်ရှုံးချုပ် ပြိုကျပြီး စစ်ခေါင်းဆောင်ပါ သေဆုံး နေပြည်တော် အပြင်းထန်ဆုံး ငလျင်ထပ်လှုပ်၊ စစ်ရုံးချုပ် ပြိုကျပြီး စစ်ခေါင်းဆောင် မိသားစုလိုက် အလောင်းပျောက်စီး”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုမှုတွေနဲ့ သတင်းမီဒီယာတွေက သတင်းတွေကို ရောနှော ဖြန့်ချိတာ၊ မီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတာတွေ ပြုလုပ်နေတာကို Fact Crescendo Myanmar က အချက်အလက်စိစစ် ဖော်ပြခဲ့ပြီးဖြစ်တယ်။
အခုလည်း နေပြည်တော်မှာ အပျက်အစီးများတဲ့ ငလျင်လှုပ်ခတ်ခဲ့ ပြီး စစ်ခေါင်းဆောင်နဲ့ မိသားစုတွေ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိက ကျတဲ့ မီဒီယာတွေ ဒါမှမဟုတ် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက် မတွေ့ရပါဘူး။
၉ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ် ဖော်ပြထားတာတွေကတော့ “မိုးကုတ်တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၊ အထက်မင်းလှတွင်လည်း စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားများထိခိုက်မှုရှိ”၊ “ရန်ကုန် – မန္တလေး အမြန်လမ်းမှာ တိုက်ပွဲဖြစ်ပွား”တဲ့ သတင်းဟောင်းနဲ့ “မြိတ်လေတပ်စခန်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရပြီး ထိခိုက်ပျက်စီးမှုရှိ”ဆိုတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်.
သုံးသပ်ချက်
“Khit Thit Thadin”ဟာ လုပ်ကြံရေးသားပြောဆိုမှုတွေနဲ့ သတင်းမီဒီယာတွေက သတင်းတွေကို ရောနှော ဖြန့်ချိ တဲ့နေရာဖြစ်တယ်။ နေပြည်တော်မှာငလျင်ထပ်လှုပ်ပြီး စစ်ရှုံးချုပ် ပြိုကျကာ စစ်ခေါင်းဆောင် မိသားစုလိုက် သေဆုံးတယ်ဆိုတာ လုပ်ကြံရေးသားပြောဆိုချက်သာဖြစ်တယ်။

