Fact Check: နကျယ်အုံနဲ့ ပျားရည်ရောစပ် စားသုံးရင် လေမဖြတ်ဘူးဆိုတဲ့ သတင်းမှား 

Missing Context ကျန်းမာရေး၊ | Health

နကျယ်အုံနဲ့ ပျားရည်ရောစပ်ပြီး တကြိမ်တခါ စားသုံးပေးရုံနဲ့ လေမဖြတ်ဘူးဆိုတဲ့ ပို့စ်တွေဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုဖြစ်ပြီး သိပ္ပံနည်းကျ လေ့လာထားတဲ့ အထောက်အထား မရှိတာတွေ့ရတယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

“နဂျီအုံရှာမယ် အကောင်ပေါက်ပြီးသား နဂျီအုံ ဒါကပံသကူဖြစ်နေပါပြီ။

သားပေါက်မရှိတဲ့နဂျီအုံကအပေါက် ပွင့်နေပါတယ် အုံမှာအပေါက်ပွင့်နေတာပါ
သေချာထုတ်ယူပါ။အမှုန့်ထောင်းပါ့မယ်။ပြီးမှအဝတ်ပါးပါးနဲ့စကာချပါ။

ဂဲသေးသေးလေးများပါတတ်လို့ပါ။ စကာချပြီးသား နဂျီအုံအမှုန့်ကို ပျားရည်စစ်နဲ့ရောပါ။

မန်ကျည်းစေ့ခန့် အလုံး သုံးလုံံး လုံးပါ။ ဒါကို တနေ့တစ်လုံး သုံးရက်ဆက်တိုက်စားပါ
တစ်နှစ်လုံး လေမဖြတ်တော့ပါဘူး။ ဆေးစစားတဲ့ နေ့စွဲကိုမှတ်ထားပါ နောက်နှစ်ဒီအချိန်မှာ
ဒီနည်းအတိုင်း ပြန်စားပါ။

ေ ၊သသည်အထိမှန်မှန်စားမယ်ဆိုရင် ေ ၊သ
သည်အထိ လေမဖြတ်တော့ပါ။
လွယ်ကူထိရောက်သောနည်းကောင်းတခုဖြစ်ပါတယ်။” 

Original link | Archive link

အချက်အလက်စိစစ်ချက်

နကျယ်အုံကို အမှုန့်လုပ်ပြီး အထူးသဖြင့် အာရှ၊အာဖရိကနဲ့ တောင်အမေရိကန် မျိုးနွယ်စုတချို့မှာ အနာကျက်ဖို့၊ အဖျားသက်သာဖို့အတွက် ရိုးရာဆေးနည်းအနေနဲ့ အသုံးပြုကြတာကို အခြေခံပြီး သိပ္ပံနည်းကျလေ့လာမှုတချို့ ပြုလုပ်ခဲ့တာတွေ့ရတယ်။ ( ဒီလင့်ခ်၊ ဒီလင့်ခ်ဒီလင့်ခ်)

ဒီသုတေသနစာတမ်းတွေမှာ နကျယ်ကောင်ဟာ အမျိုးအစားအစုံအလင်ရှိပြီး နကျယ်အုံတည်ဆောက်တဲ့ အခြေခံ ပစ္စည်းတွေကလည်း နကျယ်ကောင်တည်ရှိတဲ့ ပတ်ဝန်းကျင်‌ပေါ်မူတည်ပြီး အမျိုးအစားကွဲပြားခြားနားချက်တွေ ရှိနေလို့ ဘက်တီးရီးယားဆန့်ကျင့်ပစ္စည်းပါဝင်မှု ကွာခြားတာရှိတာကိုလည်း ဒီသုတေသနစာတမ်းတွေမှာ ‌‌ထောက်ပြပါတယ်။ ရှေးယခင်ကတည်းက တချို့သော မျိုးနွယ်စုတွေမှာ ဒီနည်းလမ်းကို အသုံးပြုနေပေမဲ့ ဒီနေ့ခေတ် သိပ္ပံနည်းကျလေ့လာမှုမှာတော့ လူနဲ့ စမ်းသပ်တဲ့ အဆင့်ကို ရောက်ရှိလာခြင်းမရှိသေးပါဘူး။ 

ဒီလိုပဲ နကျယ်အုံမှာ သွပ်ဒြပ်နဲ့ သံဓာတ်လို့ သတ္တုဒြပ်တချို့ပါဝင်သလို ပျားရည်မှာလည်း ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေနဲ့ အဟာရဓာတ်အများအပြားပါဝင်တယ်။ ဒီအဟာရဓာတ်တွေဟာ  ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတယ်ဆိုတဲ့ လေ့လာချက်တွေရှိပေမဲ့ ဒီဓာတ်ပစ္စည်းတွေကို နေ့စဉ်စားသုံးတဲ့ ဟင်းသီးဟင်းရွက်တွေမှာလည်း ပါဝင်ပါတယ်။  

ဒီအပြင် အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေးဌာနကလို့ အစိုးရအဖွဲ့အစည်းတွေနဲ့ ဆေးပညာသိပ္ပံနယ်ပယ်မှာ ယုံကြည်ရလောက်တဲ့အဖွဲ့အစည်းတွေက  လေဖြတ်ရောဂါကို ကာကွယ်ဖို့ နည်းလမ်းတွေကို အကြံပြုထားရာမှာ အဟာရပြည့်ဝတဲ့ အစားအသောက်တွေကို မျှမျှတတစားသုံးတာ၊ ဆေးလိပ်နဲ့ အရက်ရှောင်ကျဉ်တာ၊ ဆားလျော့စားတာ၊ ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းတာ၊ ကိုယ်ကာယလေ့ကျင့်ခန်း ပုံမှန်လုပ်တာ တွေပါဝင်တယ်။ (ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်)

သုံးသပ်ချက်

တကြိမ်တခါမျှ နကျယ်အုံနဲ့ ပျားရည်ရောစပ် စားသုံးရင် လေမဖြတ်ဘူးဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။ နကျယ်အုံ အမှုန့်ပြုလုပ်ပြီး အနာကျက်မြန်အောင် ရှေ့ခေတ်ရိုးရာဆေးကုသမှုတွေမှာတော့ အသုံးပြုတာတွေ့ရပြီး ‌ခေတ်သစ်သိပ္ပံနည်းကျလေ့လာမှုတွေမှာလည်း ဒီအချက်ကို ကနဦးအဆင့်အနေနဲ့ အတည်ပြုထားတဲ့ လေ့လာချက်တွေရှိပေမဲ့ လူတွေနဲ့ စမ်းသပ်ကုသတဲ့ အဆင့်တော့ မရောက်ရှိသေးပါဘူး။

Avatar

Title:Fact Check: နကျယ်အုံနဲ့ ပျားရည်ရောစပ် စားသုံးရင် လေမဖြတ်ဘူးဆိုတဲ့ သတင်းမှား 

Fact Check By: နေရာမောင်  

Result: Missing Context