
သရုပ်ဆောင်မင်းသားဘဝမှ တော်လှန်ရေးမင်းသားဖြစ်လာတဲ့ မင်းမော်ကွန်းကို ရိုက်နှက်ဖမ်းဆီးသွားပြီလို့ ရေးသားထားတဲ့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ အတော်များများက မျှဝေခဲ့တာတွေ့ရပါတယ်။
သို့သော်လည်း မင်းမော်ကွန်းဟာ သူ့ရဲ့လူမှုကွန်ယက်အကောင့်ကို ပုံမှန်အသုံးပြုနေဆဲဖြစ်ပြီး အခြားသောယုံကြည်ရတဲ့ သတင်းဌာနတွေမှာလည်း သတင်းဖော်ပြချက်တစ်စုံတစ်ရာမတွေ့ရပါဘူး။
“ကိုမင်းမော်ကွန်းကို မိသွားပြီတဲ့ ဗီဒီယိုဖိုင်တက်လာတာ ဝိုင်းရိုက်နေကြတာ သနားပါတယ်”လို့ရေးသားပြီး “Myanmar Tv News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၇၀၀၀၀ ကျော်ရှိပါတယ်။ ဗွီဒီယိုရဲ့ ရုပ်သေရုပ်ကပ်နေရမှာလည်း မြို့ပြရဲ့လမ်းတစ်ခုမှာ ရဲကားတစ်စီးကန့်လန့်ရပ် ထားတဲ့ ပုံပေါ်မှာ “ည ၇ နာရီထိုး မင်းမော်ကွန်းကို မိသွားပြီတဲ့ လုပ်ကြပါအုံး ဝိုင်းရိုက်နေကြတာဗျာ”လို့ ရေးသားမျှဝေ ထားပါသေးတယ်။

မူရင်းလင်ခ့် – Fb link | Archive link
တူညီတဲ့ရေးသားမျှဝေထားတဲ့ ဘလောဂ့်စာမျက်နှာတွေကို ဒီနေရာနဲ့ ဒီနေရာ မှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
၁၀ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုကို ဆန်းစစ်ကြည့်ရာမှာ ဒီဗွီဒီယိုကို လူတွေစိတ်ဝင်စားစေမယ့်ခေါင်းစဉ် တုတစ်ခုကို ဖန်တီးပြီး မျှဝေထားတာတွေ့ရပါတယ်။ ဒီလိုရေးသားမျှဝေမှုတွေကို ဇန်နဝါရီ ၁၀ ရက်ကစတင်ခဲ့ တာဖြစ်ပေမဲ့ သရုပ်ဆောင်မင်းမော်ကွန်းရဲ့ဟာ သူ့ရဲ့ တရားဝင်ဖေ့စ်ဘွတ်အကောင့်မှာ ပုံမှန်ဆက်လက် အသုံးပြုနေဆဲဖြစ်တာတွေ့ရပါတယ်။
ဗွီဒီယိုပါအကြောင်းအရာဟာ ၂၀၂၁ ခုနှစ် ဇွန်လနဲ့ ဇူလိုင်လအတွင်း မီဒီယာအချို့မှာဖော်ပြပါရှိတဲ့ အကြောင်း အရာများကို စုစည်းဖတ်ကြားနေခြင်းသာဖြစ်ပြီး မင်းမော်ကွန်းအဖမ်းခံရတယ်ဆိုတဲ့ အချက်အလက်လည်း မပါဝင်ပါဘူး။ ပထမသတင်းဟာ ၂၀၂၁ ခုနှစ် ဇွန် ၂၄ ရက်က ဧရာဝတီသတင်းဌာနမှာဖော်ပြခဲ့တဲ့ “လူထုအနေဖြင့် စစ်ရေး နိုင်ငံရေး သတိထားနားစွင့်ကြရန် KIA တိုက်တွန်း”လို့ခေါင်းစဉ်တပ်ရေးသားထားတဲ့ သတင်းကို ဗွီဒီယိုမှာပါတဲ့ သံရှင်က ဖတ်ပြနေခြင်းဖြစ်ပါတယ်။ မင်းမော်ကွန်းရဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး ၁၀ မိနစ်ကြာ ဗွီဒီယိုကို မျှဝေထားပေမဲ့ အဖမ်းခံရတယ်ဆိုတဲ့ အချက်အလက်တစ်စုံတစ်ရာမပါဝင်ပါဘူး။ ထိုနောက် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၂ ရက်က သတင်းဌာနတွေမှာဖော်ပြခဲ့တဲ့ “SSPP/SSA ဌာနချုပ်နယ်မြေ၌ ကိုဗစ်- ၁၉ ကာကွယ်ဆေး စထိုးပေး”တဲ့သတင်းကို ဖတ်ကြားနေခြင်းဖြစ်ပြီး တတိယသတင်းကတော့ ဇူလိုင် ၉ ရက်မှာ ဖော်ပြခဲ့တဲ့ “ကူးစက်မြန် ကိုဗစ်ကြောင့် တနိုင်ငံလုံး စာသင်ကျောင်းတွေ ၂ ပတ်ပိတ်”သတင်းပဲဖြစ်ပြီး စတုတ္ထသတင်းကတော့ “စစ်ကောင်စီတပ်က ကုန်ကားကို မီးရှို့၍ ယာဉ်မောင်းကိုဖမ်းဆီးထားဟု လွတ်မြောက်လာသူများကပြော”ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ ဒီသတင်းဟာလည်း ၂၀၂၁ ခုနှစ် ဇူလိုင် ၂၂ ရက်က မဇ္ဈိမသတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းဖြစ်တာတွေ့ရပါတယ်။
သရုပ်ဆောင်မင်းမော်ကွန်းဟာ မိသားစုလိုက် လွတ်မြောက်နယ်မြေဘက်ကို ရောက်ရှိနေတာဖြစ်ပြီး မကြာခဏ ဆိုသလို သတင်းမှားဖြန့်ဝေခံရတာတွေ့ရပါတယ်။ Fact Crescendo ကအချက်အလက်စိစစ်ထားတကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ မင်းမော်ကွန်းအဖမ်းခံရတယ်ဆိုတာ လူအများစိတ်ဝင်စားဖွယ် ခေါင်းစဉ်တုဖန်တီးပြီး သတင်းဟောင်းတွေ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။

Title:Fact Check: မင်းမော်ကွန်းကို ရိုက်နှက်ဖမ်းဆီးသွားပြီဆိုတဲ့ သတင်းတုသတင်းမှား
Fact Check By: Zun ZeeResult: False