ဒါရိုက်တာကိုပေါက် မဲဆွယ်တယ်ဆိုတဲ့ ဓာတ်ပုံသတင်းမှား

False နိုင်ငံရေး | Politics

NLD ပါတီကို မဲပေးဖို့ ဒါရိုက်တာ ကိုပေါက်က လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ယူဆရတဲ့ ဓာတ်ပုံပို့စ်တစ်ခု လှုမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။

ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံမှာ ကိုပေါက်က “မြန်မာပြည် သူခိုးကင်းဖို့ ၂၀၂၀ မှာ NLD ကို မဲပေးစို့”ဆိုတဲ့ စာရွက်တစ်ရွက်ကို ကိုင်ပြီး ဓာတ်ပုံရိုက်ခံနေတဲ့ ပုံဖြစ်ပါတယ်။ “ကိုကို ဖြိုး”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက “Mandalay News”၊ “ရမည်းသင်း သတင်းစုံ”စတဲ့ဖေ့စ်ဘွတ်အုပ်စုတွေမှာ “အာ့လို တဲ့ ပြောရဲတဲ့ အနုပညာရှင်ဆို ဘာကားပဲရိုက်ရိုက် အားပေးလိုက်မယ်ကွာ”ဆိုပြီးတော့ မျှဝေထားတာတွေ့ရပါတယ်။

ကိုပေါက် တကယ်ပဲ “မြန်မာပြည် သူခိုးကင်းဖို့ ၂၀၂၀ မှာ NLD ကို မဲပေးစို့”ဆိုတဲ့ စာတမ်းပါ စာရွက်ကို ကိုင်ပြီး ဓာတ်ပုံရိုက်ခဲ့သလားဆိုတာ စိစစ်ကြည့်ရအောင်ပါ။

အချက်အလက်စိစစ်ချက်

ကိုပေါက်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာဖြစ်တဲ့ ဖေ့စ်ဘွတ် “Aung Min Naing”မှာဝင်ရောက်ရှာဖွေကြည့်မယ်ဆိုရင် ဒီဓာတ်ပုံပါပုံစံအတိုင်း ဓာတ်ပုံကို သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ မတ် ၂၃ ရက်က တင်ထားတာတွေ့ရပါတယ်။

အဲဒီဓာတ်ပုံထဲက စာရွက်မှာပါတဲ့စာသားတွေတော့ COVID-19 ရောဂါကာကွယ်ဖို့အတွက်လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ အိမ်ထဲမှာပဲနေကြဖို့ တိုက်တွန်းထားတဲ့ တိုက်တွန်းချက်ဖြစ်တာတွေ့ရပြီး “အပြင်မထွက်ဘဲ အိမ်မှာနေပါ။ သင်နှင့်သင့်ကမ္ဘာကို စောင့်ရှောက်ပါ။ အိမ်မှာနေရင်းစာဖတ်ပါ”လို့ရေးသားထားတာတွေ့ရပါတယ်။ ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။

“ကိုကို ဖြိုး”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ပုံနဲ့ ဒါရိုက်တာကိုပေါက်ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်စာမျက်နှာ ဖြစ်တဲ့ “Aung Min Naing”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတဲ့ ပုံကို အောက်ပါအတိုင်းယှဉ်ကြည့် နိုင်ပါတယ်။

သုံးသပ်ချက်

အထက်မှာပါ အချက်အလက်အရ ဒါရိုက်တာကိုပေါက် ကိုင်ထားတဲ့ ဓာတ်ပုံထဲက မူရင်းစာဟာ “မြန်မာပြည် သူခိုးကင်းဖို့ ၂၀၂၀ မှာ NLD ကို မဲပေးစို့” မဟုတ်ဘဲ “အပြင်မထွက်ဘဲ အိမ်မှာနေပါ။ သင်နှင့်သင့်ကမ္ဘာကို စောင့်ရှောက်ပါ။ အိမ်မှာနေရင်းစာဖတ်ပါ”ဖြစ်တာတွေ့ရတဲ့အတွက် “ကိုကို ဖြိုး”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူ မျှဝေထားတဲ့ ပို့စ်ကို အချက်အလက်မှားအဖြစ် သတ်မှတ်ပါတယ်။

Avatar

Title:ဒါရိုက်တာကိုပေါက် မဲဆွယ်တယ်ဆိုတဲ့ ဓာတ်ပုံသတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *