
ကိုဗစ်နိုင်တင်းရောဂေါဖြစ်သူတိုင်းဟာ ညနေပိုင်းမှာ ရေချိုးတာကနေဖြစ်တယ်လို့ ရေးသားလျက်မျှဝေထားတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေခဲ့ကြာပါတယ်။
ဖျားပြီး ကိုဗစ်နိုင်တင်းဖြစ်သူတိုင်းဟာ ညနေဘက်ရေချိုးရာကဖြစ်တာကို လေ့လာတွေ့ရှိရပြီး ညနေ နေဝင်ပြီးနောက်ပိုင်း ရေမချိုးကြဖို့တိုက်တွန်းတယ်လို့ ပျံ့နှံ့ခဲ့တဲ့ ပို့စ်မှာရေးသားထားပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကို “တီ တီ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဒီဇင်ဘာ ၁၄ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ၇ ထောင်ကျော်က ဒီပို့စ်ကို ပြန်လည်မျှဝေခဲ့ကြပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနစတဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာလည်း ကိုဗစ်နိုင်တင်းဖြစ်တဲ့သူတွေဟာ ညနေပိုင်းရေချိုးလို့ဖြစ်တယ်လို့ ဖော်ပြချက် မရှိပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ ကိုဗစ်နိုင်တင်းကူးစက်ခံမှုနည်းလမ်းများကို ဒီနေရာမှာလေ့လာနိုင်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်နိုင်တင်းအကြောင်း သိကောင်းစရာနဲ့ ကူးစက်မှုနည်းလမ်းတွေကို ဒီမှာလေ့လာနိုင်ပါတယ်။
လက်ရှိအထောက်အထားတွေအရ ရောဂါပိုးရှိသူနဲ့ နီးနီးကပ်ကပ်နေထိုင်မိ တာကြောင့် အခြားသူတစ်ဦးရဲ့ အသက်ရှူလမ်းကြောင်းကို ဗိုင်းရပ်စ်ဗိုးရောက်သွားပြီး ကူးစက်ခံရမှုက အဓိကဖြစ်ပါတယ်။ ရောဂါပိုးရှိသူက အချောင်းဆိုးလို့ အခြားသော အရာဝတ္ထုတွေရဲ့ မျက်နှာပြင်မှာ ရောဂါပိုးပါတဲ့ အမှုန်အစက်တွေကျရောက်ပြီး အခြားသူက ထိတွေ ကိုင်တွယ်မိခြင်းကြောင့်လည်း ရောဂါပိုးကူးစက်ခံ ရနိုင်ပါတယ်။
ရောဂါပိုးရှိသူတစ်ဦးနဲ့ အကာအကွယ်မပါပဲ အနီးကပ်နေထိုင်မိမယ်ဆိုရင်တော့ အခြားသူတစ်ဦးကို ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ပါတယ်။
ဖျားပြီး ကိုဗစ်နိုင်တင်းဖြစ်သူတိုင်းဟာ ညနေဘက်ရေချိုးရာကဖြစ်တယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းကျန်းမာရေးဦးစီးဌာနမှူး(ရောဂါနှိမ်နှင်းရေး) ဒေါက်တာမျိုးသန့်ကို Fact Crescendo Myanmar က ဆက်သွယ်အတည်ပြုရာမှာအောက်ပါအတိုင်းပြောပါတယ်။
“(ကိုဗစ်)မဖြစ်နိုင်ပါဘူး။ ညနေပိုင်းရေချိုးတာဆိုရင်တော့ အအေးပတ်တာတို့ နှာစေးချောင်းဆိုးတို့ ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့လည်း ဒါက ကိုဗစ်နဲ့တော့ တိုက်ရိုက်ကြီး မသက်ဆိုင်ဘူး။ ရေချိုးမှားသွားလို့ရှိရင် ကိုယ်ခံအားကျသွားနိုင်တယ်။ ကိုယ်ခံအားကျသွားတယ်ဆိုရင်တော့ ရောဂါပိုးတွေ အလွယ်တကူဝင်နိုင်တာပေါ့။ (ညနေပိုင်းရေချိုးတိုင်းကိုယ်ခံအားကျလားဆိုတော့)ကျွန်တော်တို့ဆိုရင် မနက်တစ်ခါ ညနေတစ်ခါ အဲလိုချိုး ထားပဲ။ ကိုယ်ခံအားကျတာနဲ့တော့မဆိုင်ဘူး။ ညနေရေမချိုးရဘူးလို့လည်း မဆိုလိုပါဘူး။ နေပူထဲက ပြန်လာတဲ့အချိန်မှာ ရေချိုးလိုက်တာတို့ ၊ အပူရှက်တာတို့ဘာတို့က အကြောင်းအရင်းက တစ်ခြားစီပဲ။ ဟိုဟာက ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့်ဖြစ်တာ။ ရေချိုးလို့ရှိရင် ဆပ်ပြာတွေဘာတွေနဲ့ သေချာရေချိုးလို့ရှိရင် တကိုယ်ရေ သန့်ရှင်းမှုဆိုတာ ပိုတောင်မှလိုအပ်သေးတယ်။ အပြင်မှာသွားပြီးတော့ အလုပ်လုပ်လာတယ်။ ညနေပိုင်းမှာ အိမ်ပြန်ရောက်တယ်။ ရေချိုးရတာပဲ။”
အအေးမိခြင်း၊ ရာသီတုပ်ကွေးနဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဘယ်လိုကွာခြားသလဲဆိုတာ ကျန်မားရေးဝန်ကြီးဌာနက အောက်ပါအတိုင်းထုတ်ပြန်ထားပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်ရ ကိုဗစ်နိုင်တင်းဖြစ်တဲ့သူတွေဟာ ညနေပိုင်းရေချိုးလို့ဖြစ်တယ်ဆိုတာ အထောက် အထားမရှိတဲ့ အချက်အလက်မှားတွေဖြစ်ပါတယ်။

Title:ညနေပိုင်းရေချိုးရင် ကိုဗစ်နိုင်တင်းဖြစ်တယ်ဆိုပြီး သတင်းမှား မျှဝေနေ
Fact Check By: Nayar MaungResult: False