ရဲဘော်သုံးကျိပ်ဝင်အဘက ငွေလှူမည်ဆိုပြီး လှည့်စားထားတဲ့ သတင်းတု သတင်းမှား

False နိုင်ငံရေး | Politics

မြန်မာ့လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့တဲ့ အဘက သူ့ရဲ့လစာတွေကို လှူမယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။

 “ရဲဘော် ၃ ကျိပ် အဖွဲ့ဝင် ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ အဘပါ….အဘက သူမသေခင်မှာ သူရဲ့ ပင်စင် လစာတွေကို နိုင်ငံတော်ကို မလှူပဲ ဆင်းရဲချို့တဲ့ ပြီး အိမ်ပိုင် မရှိ ကျူးကျော် နေရတဲ့ ပြည်သူ တွေကို လှူချင် တယ်လို့ ပြောပါတယ်… အဘမသေခင် အဘရဲ့ ဆန္ဒလေးပြည့်သွားအောင် ဒီ Post ကို Group တွေမှာရှဲခြင်းဖြင့် ကုသိုလ်ယူလိုက်ပါ”စသည်ဖြင့် ရေးသားထားပြီး “အဘရဲ့ နေရပ်လိပ်စာကတော့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက်၊ သစ္စာလမ်း ၆၄/ခ တိုက် A ဖြစ်တယ်လို့ ရေးသားထားပြီး ဖုန်းနံပါတ်ကတော့ 09954166014” ဆိုပြီး shwepyiaye အမည်နဲ့ဝက်ဘ်ဆိုဒ်မှာ ရေးသားမျှဝေခဲ့မှာ “Fashion လေးများဆုံစည်းရာ”၊ “မြန်မာဆော့ဝဲများ”စတဲ့ဖေ့စ်ဘွတ်စာမျက်နှာတွေက တဆင့် ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။

အလားတူစွာပဲ “mmcelebrity”အမည်နဲ့ဝက်ဘ်ဆိုဒ်ကလည်း ရေသားမျှဝေထားရာမှာ “True News”၊ “အထွေထွေဗဟုသုတများ”စတဲ့ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ပြန်မျှဝေခဲ့ကြပါတယ်။

အချက်အလက်စိစစ်ချက်

ဆက်သွယ်ဖို့ပေးထားတဲ့ ဖုန်းကို ြသဂုတ် ၃ ရက်ကနေ ြသဂုတ် ၇ ရက်ကြားမှာ Fact Crescendo Myanmar က ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

ဒီပုံထဲမှာပါတဲ့ အဖိုးအိုပုံကို Google မှာပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေမယ်ဆိုရင် အောက်ပါအတိုင်းတွေ့ရ ပါတယ်။ 

ဒီပုံကိုပဲ ၂၀၁၃ ခုနှစ်မှာ နတ်မေတ္တာအမည်နဲ့ ဘလော့ဂ်စာမျက်နှာမှာ “ဗိုလ်ချုပ်အောင်ဆန်း၏ ရဲဘော်ကြီး သခင် ထွန်းလှ အသက် ၉၄ နှစ် ဟာ ဒေါ်အောင်ဆန်း စုကြည်ကို တွေ့ဆုံနှုတ်ဆက်လို တပ်ရင်း ၄ မှာ နောက်ဆုံး တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး ဗိုလ်ချုပ်အောင်ဆန်း နေအိမ်တွင် အနီးကပ် အဖြစ် တာဝန်ကိုလည်း ထမ်းဆောင် ခဲ့ဖူး ကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်ကလေး ဘဝကို ထွေးပိုက် စောင့်ရှောက်ပေးခဲ့ဖူးသူဖြစ်ကြောင်း။ အခွင့်အခါ ရခဲ့ မည် ဆိုလျှင် ဒေါ်အောင်ဆန်းစု ကြည်ကိုလည်း တွေ့ဆုံနှုတ်ဆက်လို ပါကြောင်း အဘ သခင်ထွန်းလှက ပြောရှာ ပါသည်။ အသက် ၉၄ ဆိုပေမယ့် အသံမာကြော တည်ကြည်နေဆဲဖြစ်သည့် လွတ်လပ်ရေးခေတ် တပ်မတော်သား ဟောင်းကြီး၊ တိုင်းပြည် အတွက် အသက်စတေး ပေးဆပ်ပြီး လွတ်လပ်ရေး တိုက်ပွဲဝင်ပေးခဲ့သည့် မျိုးချစ် စစ်သား ဟောင်းကြီး အဘသခင်ထွန်းလှ သည် ရွှေကျင်မြို့မှ တနာရီကျော် ကြာ မော်တော်ကား စီးသွားရသည့် ပဒဲကော ကျေးရွာလေးမှ တဆင့် မော်တော် ကားလမ်းမရှိသော ရွာအစွန်ဘက်ခြမ်း သို့ ထော်လာဂျီ ဖြင့် ထပ်သွားမှ ရောက်နိုင်သော ဇနပုဒ်ရွာစွန်လေးတွင် ချို့တဲ့ နွမ်းပါး ပင်ပန်းဆင်းရဲစွာဖြင့် ဇရာ၏ နာမကျန်းခြင်းကို ရင်ဆိုင် အံတုနေရရှာ သည်ကို ရွှေကျင်မြို့ သားတဦးဖြစ်သော ကိုတင်ထွတ်ဝင်းမှ တဆင့် သိရှိရပါသည်” စသည်ဖြင့် ရေးသားမျှဝေခဲ့ဖူးပါတယ်။

link

အလားတူပဲ ဒီပုံကိုပဲအသုံးပြုပြီး ၂၀၁၇ ခုနှစ်မှာ “Sun Thit Lwin – News – မြန်မာ့သတင်း”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ချို့တဲ့စွာနေထိုင်နေရသည့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သက်တော်စောင့် ရဲဘော်ထွန်းလှအဖြစ်မျှဝေခဲ့ဖူးပါတယ်။

Google မှာ အဓိကျတဲ့စကားလုံးတစ်ချို့ကို “သခင်ထွန်းလှ”၊ “ရဲဘော်ထွန်းလှ”စသည်ဖြင့် ရှာဖွေရှာမှာလည်း အခြားသော ဒီနာမည်နဲ့ သမိုင်းမှတ်တမ်းမျိုးမတွေ့ရှိရပါဘဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အပါတော်မြဲဗိုလ်ထွန်းလှ အမည်နဲ့ မှတ်တမ်းအချို့သာတွေ့ရှိရပါတယ်။

တကယ်တမ်းမှာ ဗိုလ်ချုပ်ရဲ့ အပါတော်မြဲဗိုလ်ထွန်းလှ(တက္ကသိုလ်နေဝင်း)ဟာ ၁၉၉၇ မတ်လ(၇)ရက်နေ့မှာ အမှတ်(၃၃)၊ ရှမ်းလမ်း၊ စမ်းချောင်းမြို့နယ်နေအိမ်တွင်ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်၌ ဇနီး-ဒေါ်ခင်ငြိမ်းနှင့်အတူ သမီးနှစ်ယောက်၊ သားတစ်ယောက်ကျန်ရစ်တယ်လို့ ဝီကီပီဒီယားမှာရေးသားထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

link

အလားတူ ရဲဘော်သုံးကျိပ်စာရင်းထဲမှာလည်း သခင်ထွန်းလှနာမည်နဲ့ မတွေ့ရှိရတာတွေ့ရပါတယ်။ ၁၉၉၈ ခုနှစ်မှာ ပုံနှိပ်ခဲ့တဲ့ ကျော်ငြိမ်းရဲ့ “ရဲဘော်သုံးကျိပ်”စာရင်းနဲ့ အတ္ထုပ္ပတ္တိကို အောက်ပါလင့်ခ်မှာ ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်။

link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော် ၃ ကျိပ် အဖွဲ့ဝင် တွေထဲ မှာ သခင်ထွန်းလှအမည်နဲ့ မှတ်တမ်းမရှိတာတွေ့ရပါတယ်။ ဒီလိုပဲ ငွေလှူမယ်ဆိုတဲ့ ဓာတ်ပုံထဲမှာပါတဲ့ အဘိုးဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ နေရာအမျိုးမျိုးအကြောင်းအရာအမျိုးမျိုးနဲ့ ရေးသား မျှဝေခဲ့ဘူးတာတွေ တွေ့ရပါတယ်။

Avatar

Title:ရဲဘော်သုံးကျိပ်ဝင်အဘက ငွေလှူမည်ဆိုပြီး လှည့်စားထားတဲ့ သတင်းတု သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *