
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက ပြန်လွှတ်ပေးလိုက်ပြီဆိုပြီးတော့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း သာဖြစ်တယ်။
အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။
“ဦးသန်းရွှေ က ဒေါ်စုကို လွတ်ငြိမ်းပေးပြီ
ဘယ်သူအရှိန်အဝါကြီးလဲ အကဲစမ်းနေကြပြီ
တရားသူကြီးချုပ်ကို တိုက်ရိုက်ညွန်ကြားပြီး အမိန့်ပေး
မင်းအောင်လှိုင်က ပေါက်ကွဲပြီး နေပြည်တော်ကို ပစ်မိန့်ချ”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေလုပ်တဲ့နေရာတခု ဖြစ်တာတွေ့ရတယ်။ ဦးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းခွင့်ပေးတဲ့ သတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။
အခုလည်း တကယ်တမ်း ဗွီဒီယိုထဲပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “အာဏာရှင်ဟောင်း သန်းရွှေ၏ အနီးကပ် လုံခြုံရေး တပ်မှူးနှင့်တပ်ဖွဲ့ဝင် လူဟောင်းများကို ဖယ်ရှားပြီး မင်းအောင်လှိုင်က တပ်ဖွဲ့ဝင်အသစ်များဖြင့် အစား ထိုး၊ ဆရာ-တပည့် ဆက်ဆံရေး အေးစက်နေမှုကို ပြသသည့်လက္ခဏာဟုဆို”၊ “ပြည်ပနိုင်ငံတွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေသော လူငယ်များကို စစ်မှုထမ်းရန် ရပ်ကွက်ရုံးသို့ လာရောက်ရန် ဆင့်ခေါ် ၊ ညောင်ဦးနှင့်မြောင်းမြတွင် စစ်မှုထမ်းရန် လူငယ်များစွာ ဆင့်ခေါ်ခံနေရ”၊ “AA နှင့် စစ်ကောင်စီတို့တွေ့ဆုံဆွေးနွေးပွဲအောင်မြင်နိုင်ခြေနည်းပါးဟု နိုင်ငံရေးလေ့လာသူများသုံးသပ်”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။
သုံးသပ်ချက်
“Mandalay Khithit”ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တု တပ်ဖြန့်ချိတဲ့နေရာဖြစ်တယ်။ လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင်ကို ကျော်ပြီး စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်တယ်ဆိုတာ မဟုတ်မှန်ဘဲ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းတု
Written By: နေရာမောင်Result: False