Fact Check: KIA ကို အမေရိကန် စစ်ရေးထောက်ပံ့ကြောင်း ဗိုလ်ချုပ်ဂွမ်မော်အတည်ပြု တဲ့ သတင်းတု 

False နိုင်ငံရေး | Politics

ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်(KIA)ကို အမေရိကန်က စစ်ရေးထောက်ပံ့မှုတွေ ပေးအပ်နေတာကို ဗိုလ်ချုပ်ဂွမ်မော်ကအတည်ပြုလိုက်တယ်ဆိုပြီး ဗွီဒီယို ယူကျူ့မှာပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“KIA ကို အမေရိကန် စစ်ရေးထောက်ပံ့ပြီ

အမေရိကန်လေယာဉ်တွေ ရောက်ရှိလာမှု ဗိုလ်ချုပ်

ဂွမ်မော် အတည်ပြု ၊ နေပြည်တော်လှုပ်ခတ်နေပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာတွေ့ရတယ်။  ဒီယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်နာမည်ကိုလည်း ဆင်တုယိုးမှား တုပထားပြီး မကြာခဏဆိုသလို  Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ 

တကယ်တမ်း ဗွီဒီယိုအစမှာ ပါဝင်တဲ့အကြောင်းအရာဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၃ ရက်က‌ ဖော်ပြခဲ့တဲ့ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်းမော်နဲ့ ဘီဘီစီ မြန်မာပိုင်း အမေးအဖြေကဏ္ဏမှာပြောဆိုချက်တွေကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။ မူလ ၁၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုရဲ့ ၉ မိနစ်နဲ့ ၁၀ မိနစ်ကြားမှာ မြန်မာအပေါ် တရုတ်ရဲ့စည်းသုံးစည်းနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်က “ဒီ စည်းသုံးစည်းမှာ စည်းနှစ်စည်းကတော့ လက်ခံနိုင်ဖွယ် ကျနော်တို့ ပြောလို့ရတာပေါ့နော်။ ဒါပေမဲ့ နောက်တခု ဖြစ်တဲ့ ဒီ ပြင်ပအင်အားစုများ ဆိုတဲ့ စကားလုံးကတော့ စဉ်းစားစရာရှိပါတယ်။ အဲတော့ ပြင်ပ အင်အားစုတွေ အနေနဲ့ ဝင်ပြီး စွက်ဖက်တာမျိုး မဟုတ်ပဲနဲ့ ဝင်ပြီး ကူညီဖို့လိုတယ်လို့ ကျနော်တို့ မြင်ပါတယ်။ 

ပြင်ပအင်အားစု လို့ ပြောလိုက်တဲ့ အခါမှာတော့ နိုင်ငံတကာလည်းပါမယ် အိမ်နီးချင်းတွေလည်း ပါမယ်။ အဲတော့ ဝင်ရောက်စွက်ဖက်တာမျိုး မဟုတ်ပဲနဲ့ ကူညီတဲ့ သဘောမျိုး ဖြစ်စေချင်ပါတယ်။ အဲတော့ ခုနပြောသလို တိုက်ပွဲတွေ မရှိဘူးဆိုတာ ကောင်းပါတယ်။ အာဆီယံ အသိုက်အဝန်းက ဆိုတာလည်း တကယ် မှန်မှန်ကန်ကန် ကူညီမယ် ဆိုလို့ရှိရင် ဒါလက်မခံနိုင်စရာ အကြောင်းမရှိပါဘူး။ 

ဒါပေမဲ့ နိုင်ငံတကာသော် လည်းကောင်း၊ အိမ်နီးချင်းများကသော် လည်းကောင်း၊ ဝင်ရောက်စွက်ဖက်တဲ့ ပုံစံမျိုး မဟုတ်ပဲနဲ့ တကယ်ပဲ ဝင်ရောက်ကူညီတဲ့ အနေအထားမျိုး ဖြစ်သင့်တယ်လို့ ကျနော်တို့က ဒီ စည်းသုံးစည်း အပေါ်မှာ ဒီလိုပဲ ယူဆချက်ကို ပြောချင်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။ 

နောက်ဆက်တွဲ ပြောကြားချက်ဖြစ်တဲ့ NUG ရဲ့ ကာကွယ်‌ရေးဝန်ကြီးဌာနဲ့ စစ်ကိုင်းတိုင်းမှာ လက်တွဲ ဆောင်ရွက်နေတဲ့အကြောင်း ၁၂ မိနစ်နဲ့ ၁၃ မိနစ်ကြားမှာပြောကြားခဲ့တာတွေ့ရပါတယ်။

Original link | Archive link

၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရခိုင်ပြည်ပြန်ဖို့အတွက် ၁၆ နှစ်ကြာ ပြင်ဆင်ခဲ့ရတယ်ဆိုတဲ့ သတင်းနဲ့ တခြားသတင်းတွေကို ဖော်ပြထားတယ်။ 

သုံးသပ်ချက်ဗွီဒီယို ဖြန့်ချိထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ် အမည်နာမကို တုပထားပြီး သတင်းခေါင်းစဉ်တုတပ်ကာ  ပြီးခဲ့တဲ့ ၁၀ လဝန်းကျင်က ဘီဘီစီမြန်မာပိုင်းက အင်တာဗျူးအစိတ်အပိုင်းကို ဖြန့်ချိထားခြင်းဖြစ်တယ်။ KIA ကို အမေရိကန်က စစ်ရေးထောက်ပံ့မှုတွေ ပေးအပ်နေတဲ့အကြောင်း ဗိုလ်ချုပ်ဂွမ်မော် ပြောကြားခဲ့တဲ့ အထောက်အထားမရှိပါဘူး။

Avatar

Title:Fact Check: KIA ကို အမေရိကန် စစ်ရေးထောက်ပံ့ကြောင်း ဗိုလ်ချုပ်ဂွမ်မော်အတည်ပြု တဲ့ သတင်းတု 

Fact Check By: နေရာမောင်  

Result: False