
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှမှာ အပူလှိုင်းဖြတ်နိုင်လို့ အပြင်မထွက်ကြဖို့အပါအဝင် ဆောင်ရန် ရှောင်ရန်တွေရေးသားထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား မတ် ပထမပတ်ထဲမှာ ပျံ့နှံ့ခဲ့တာ တွေ့ရပါတယ်။ နွေရာသီရောက်ပြီဖြစ်လို့ မြန်မာနိုင်ငံတဝှမ်းမှာ အပူချိန်သိသိသာသာမြင့်တက်လာချိန်မှာ ဒီလိုပျံ့နှံ့လာတာဖြစ်ပါတယ်။ ဒါပေမဲ့ ပြောဆိုဖြန့်ဝေနေတဲ့ ဖြန့်ဝေမှုဟာ မှားယွင်းပါတယ်။
မတ် ၄ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ အလား တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ တွေ့ရပါတယ်။
“အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာ စပါပြီ
Southeast Asia နိုင်ငံအကုန်ပါပါတယ်။ မနက်ဖြန်၊ သဘက်ခါ၊ နောက်ရက် သုံးရက်ကတော့ အပူဆုံးဖစ်မယ်တဲ့။
အပူချိန် 35C – 37C ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် Level -1
37C ကနေ upper 40C ထိတိုးလာရင် Level 2 danger ပါ ။”
မူရင်းလင်ခ့် – Original link | Archive link
အချက်အလက်စိစစ်ချက်
Google မှာ အဓိက ကျတဲ့ စကားလုံး အသုံးပြုရှာဖွေကြည့်ရာမှာ ဒီလို အပူလှိုင်းသတိပေးချက် မြန်မာနိုင်ငံက ဖြစ်စေ တခြားသော နိုင်ငံတွေဖြစ်စေ ထုတ်ပြန် သတိပေးချက်မျိုးမတွေ့ရပါဘူး။ အခုလို အသုံးပြုထားတဲ့ ဓာတ်ပုံရဲ့ ရာဇဝင်ကို ရှာဖွေကြည့်ရမှာတော့ ဒီလို အပူလှိုင်းသတိပေးချက်ထဲပါ ဓာတ်ပုံဟာ ပြီးခဲ့တဲ့ နှစ်က ထိုင်းအခြေစိုက်သတင်းဌာန တခုအသုံးပြုထားတဲ့ ဓာတ်ပုံအဖြစ်တွေ့ရပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ မြန်မာနိုင်ငံအပါအဝင်အရှေ့တောင်အာရှနိုင်ငံအတော်များများဟာ အခုဖော်ပြချက်မှာပါသလို အပူလှိုင်းဒဏ်ခံစားခဲ့ရပြီး ဒီအပူဒဏ်ကြောင့် သေဆုံးမှုလည်းများပြားခဲ့ပါတယ်။ (၂၀၂၄ ခုနှစ် အရှေ့တောင်အာရှ အပူလှိုင်းဖြတ်သန်းမှုအကြောင်းကို ဒီမှာဖတ်ပါ။)
နှစ်စဉ် နွေရာသီမှာ မြန်မာနိုင်ငံတဝှမ်းက ဒေသအတော်များများမှာ အပူချိန်မြင့်တက်လေ့ရှိပေမဲ့ အာဏာပိုင်တွေ ဘက်က အပူလှိုင်းဖြတ်သန်းမှုဖြစ်နေလို့ အပြင်မထွက်ဖို့ဆိုပြီး တိတိပပ ထုတ်ပြန်ကြေညာတာမျိုး မရှိသလောက် နည်းပါးပါတယ်။
ဒီအပြင် ဒီနှစ်ဟာ လာနီညာလို့ ခေါ်တဲ့ အအေးပိုတဲ့နှစ်ဖြစ်လို့ အခုလိုပို့စ်တွေမှာ ပါသလို အပူလှိုင်း ဖြတ်တဲ့ အထိ ဖြစ်နိုင်ခြေမရှိဘူးလို့ မိုးလေဝသခန့်မှန်ချက်တွေ ပုံမှန်ရေးသားဖော်ပြနေတဲ့ ဦးဝင်းနိုင်က သူ့ရဲ့ လူမှုကွန်ယက် အကောင့်မှာ ရေးသားပါတယ်။

သုံးသပ်ချက်
ပြီးခဲ့တဲ့နှစ်က အပူလှိုင်းဒဏ်သတိပေးချက်ကို ဒီနှစ်အတွက်လည်း ပြန်လည်မျှဝေလာခြင်းဖြစ်တယ်။ မတ်လပထမပတ်က စပြီး မြန်မာနိုင်ငံတဝှမ်းမှာ နေ့အပူချိန်တွေ သိသိသာသာမြင့်တက်လာပေမဲ့ မိုးလေဝသခန့်မှန်ချက်ထုတ်ပြန်နေတဲ့ ကျွမ်းကျင်သူတွေကတော့ ဒီနှစ် အပူချိန်ဟာ အရင်နှစ် အပူချိန်လောက် ရောက်မှာ မဟုတ်သလို အပူလှိုင်းဖြတ်မယ် သဘောလည်း မရှိဘူးလို့ သုံးသပ်ထားပါတယ်။

Title:Fact Check: မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှမှာ အပူလှိုင်းဖြတ်နိုင်သလား- မဟုတ်ပါ
Written By: နေရာမောင်Result: False