ကမ္ဘာကျော် ဒီဇိုင်နာနဲ့ စာရေးဆရာ Crisda Rodriguez ကင်ဆာနဲ့ မသေခင်ရေးခဲ့တဲ့ စာဆိုပြီးတော့ ဓာတ်ပုံ ၂ ပုံနဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ အိန္ဒိယရုပ်ရှင် သရုပ်ဆောင် ဆိုနာလီ ဘင်ဒြရီ(Sonali Bendre)ရဲ့ ဓာတ်ပုံတွေသာဖြစ်တယ်။ ကင်ဆာနဲ့ ဆုံးပါးသွားတဲ့ ကမ္ဘောကျော် ဒီဇိုင်နာနဲ့ စာရေးဆရာ Crisda Rodriguez ရယ်လို့ မတွေ့ရပါဘူး။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ် ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။

“အစာအိမ်ကင်ဆာဖြင့် အသက် ၄၀ တွင် မသေဆုံးမီ ကမ္ဘာကျော် ဒီဇိုင်နာနှင့် စာရေးဆရာ “Crisda Rodriguez” က ရေးသားခဲ့သည်

1. ကျွန်တော့်ကားဂိုဒေါင်မှာ ကမ္ဘာ့စျေးအကြီးဆုံး ကားတစ်စင်းရှိခဲ့ပေမယ့် အခု ကျွန်တော် ဘီးတပ်ကုလားထိုင်နဲ့ ရွေ့နေရပါပြီ။

2. ကျွန်တော့်အိမ်မှာ တံဆိပ်အ၀တ်အထည်တွေ၊ ဖိနပ်တွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ရောင်းချနေပေမယ့် အခု ကျွန်တော့်ခန္ဓာကိုယ်ကို ဆေးရုံကပေးတဲ့ အထည်လေးတွေနဲ့ ထုပ်ထားပါတယ်။

3. ဘဏ်မှာ ပိုက်ဆံအများကြီးရှိတယ်။ ဒါပေမယ့် အခု ဒီပမာဏကနေ ဘာမှ အကျိုးမရှိတော့ဘူး။

4. ငါ့အိမ်က ရဲတိုက်တစ်ခုလိုဖြစ်ပေမဲ့ အခုဆေးရုံမှာ ကုတင်နှစ်ထပ်မှာ အိပ်နေတယ်။

5. ကြယ်ငါးပွင့်ဟိုတယ်မှ ကြယ်ငါးပွင့်ဟိုတယ်အထိ။ ဒါပေမယ့် အခုအချိန်မှာတော့ ဓါတ်ခွဲခန်းတစ်ခုကနေ နောက်တစ်ခုကိုပြောင်းပြီး ဆေးရုံမှာ အချိန်ဖြုန်းနေတယ်။

အကောင်းဆုံး လူရာနဲ့ချီပြီး လက်မှတ်တွေ ပေးဖူးပေမယ့် ဒီတစ်ခါ ဆေးမှတ်တမ်းတွေက ကျွန်တော့်ရဲ့ လက်မှတ်ပါ။”

မူရင်းလင်ခ့် – Fb link | Archive link

တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ပထမဆုံး ဆံပင်အရှည်နဲ့အမျိုးသမီး ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ အိန္ဒိယ ရုပ်ရှင်သရုပ်ဆောင် ဆိုနာလီ ဘင်ဒြရီ(Sonali Bendre)ရဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ အိန္ဒိယအခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ ဟိန္ဒူစတန်တိုင်းမ်(Hindustan Times)က ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၀ ရက်စွဲနဲ့ သတင်းဖော်ပြချက်တပုဒ်မှာ ဒီဓာတ်ပုံတွေကို တွေ့ရပါတယ်။ ဆိုနာလီ ဘင်ဒြရီက သူမရဲ့ အင်တာဂရန် အကောင့်မှာ ဂိုတာဆာရီ အဝါရောင်လေးဝတ်ပြီ တင်ထားတာဟာ လှပကျက်သရေရှိနေတဲ့အကြောင်း ဒီသတင်းဌာနက သတင်းဓာတ်ပုံအနေနဲ့ဖော်ပြခဲ့ပါတယ်။

မူရင်းလင်ခ့် – Hindustan Times | Archive link

နောက်ထပ် ကတုံးတုန်းထားတဲ့ အဖြူရောင်အိပ်ယာပေါ်မှာ ခြုံထည်အဖြူခြုံထားတဲ့ ဓာတ်ပုံဟာလည်း ဆိုနာလီ ဘင်ဒြရီရဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်။ သူမရဲ့ အင်စတာဂရန်မှာ တင်ထားတာကို ဒီလင့်ခ်မှာ ကြည့်ပါ။ အမေရိကန်နိုင်ငံ နယူးယောက်နဲ့ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တို့မှာ ၂၀၁၈ ခုနှစ်က သူမဟာ ကင်ဆာရောဂါ ကုသမှုခံယူခဲ့ရပေမဲ့၂၀၁၉ ခုနှစ်ကပဲ ပျောက်ကင်းသက်သာလာလို့ အနုပညာလုပ်ငန်းတွေ ဆက်လုပ်နေပါတယ်။

ထို့အပြင် ကမ္ဘာကျော် ဒီဇိုင်နာနဲ့ စာရေးဆရာ Crisda Rodriguez ကင်ဆာနဲ့ မသေခင်ရေးခဲ့တဲ့စာလို့ ဆိုပြီး အခြားသောဘာသာစကားတွေနဲ့ ဘလော့ဂ်ပို့စ်နဲ့ ယူကျူ့အကောင့်အချို့မှာဖော်ပြနေကြတာတွေ့ပေမဲ့ ဒီလို Crisda Rodriguez အမည်နဲ့ ကမ္ဘာကျော် ဒီဇိုင်နာဆိုသူကို ရှာမတွေ့ပါဘူး။ ထို့အပြင် အခုစာသားဟာ Kirjeda Rodriguez ဆိုတဲ့ ကမ္ဘာကျော် ဒီဇိုင်နာနဲ့ စာရေးဆရာရဲ့ နောက်ဆုံးစကားဆိုပြီးတော့ ပျံ့နှံ့ခဲ့ပါသေးတယ်။ Fact Crescendo Myanmar ကအချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေ အရ ဓာတ်ပုံတွေဟာ အိန္ဒိယရုပ်ရှင် သရုပ်ဆောင် ဆိုနာလီ ဘင်ဒြရီရဲ့ ဓာတ်ပုံတွေဖြစ် တယ်။ ၂၀၁၈ ခုနှစ်က သူမဟာ ကင်ဆာရောဂါ ကုသမှုခံယူခဲ့ရပေမဲ့ ၂၀၁၉ ခုနှစ်မှာတော့ ပျောက်ကင်းသက်သာလာပြီး အနုပညာလုပ်ငန်းတွေ ဆက်လုပ်နေပါတယ်။ Crisda Rodriguez အမည်နဲ့ ကမ္ဘာကျော် ဒီဇိုင်နာနဲ့ စာရေးဆရာလို့ အထောက်အထားမတွေ့ရဘဲ စာသားဟာလည်း စိတ်ကူးယဉ် ဇာတ်လမ်းတစ်ခုသာဖြစ်နိုင်ပါတယ်။

ပြောဆိုချက်- ကမ္ဘာကျော် ဒီဇိုင်နာနဲ့ စာရေးဆရာ Crisda Rodriguez ကင်ဆာနဲ့ မသေခင်ရေးခဲ့တဲ့စာ

Avatar

Title:Fact Check: ကမ္ဘာကျော် ဒီဇိုင်နာနဲ့ စာရေးဆရာ Crisda Rodriguez မသေခင်ရေးခဲ့တဲ့ စာလား - မဟုတ်ပါ

Written By: နေရာမောင်

Result: False