နိုင်ငံတကာ တရားရုံး(International Corut of Justice-ICJ)က စစ်တပ်ထောက်ခံသူ သီတဂူဆရာတော်ကို ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရတယ်။ သတင်းတုတွေသာဖြစ်တယ်။
ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပြောဆိုချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ အလားတူပြောဆို မျှဝေထားတာကို ဒီနေရာမှာလည်း တွေ့ရတယ်။
“သီတဂူ ဘုန်းကြီး ကို ICJ ဖမ်းပြီ
ပြည်ပမှာဆေးသွားကုတဲ့ သီတဂူ ဆရာတော် လေယာဉ်
ပေါ်က အဆင်း ICJ တရားရုံး ဒဲ့ဝင်ဖမ်းလို့ လန့်ကုန်ပြီ”

အချက်အလက်စိစစ်ချက်
ဒီလိုပြောဆိုချက်ပါ ဗွီဒီယိုကို သတင်းခေါင်းစဉ်တပ် ဗွီဒီယိုနဲ့ လုပ်ကြံရေးသားပြောဆိုမှုတွေ ဖြန့်ဝေတဲ့ “The Daily Lens” အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားခြင်းဖြစ်တာတွေ့ရတယ်။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဒီလို သီတဂူဆရာတော်ကို ICJ က ဖမ်းဆီးမှုဆိုတဲ့အကြောင်း အထောက်အထားမတွေ့ရပါဘူး။
ဒါပေမဲ့ ဇန်နဝါရီ ၁၂ ရက်မှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့လူမျိုးတုန်း သတ်ဖြတ်မှုအတွက် ICJ မှာ တရားစွဲဆိုထားတဲ့ ဂမ်ဘီယာနိုင်ငံဟာ တရားခွင်မှာ စစ်တပ်ထောက်ခံသူ သီတဂူဆရာတော်ရဲ့ ဘာသာခြားကို သတ်ရင် အပစ်မရှိဘူးဆိုတဲ့ ပြောဆိုချက်နဲ့ အမျိုးဘာသာသာသနာ(မဘသ)တက်ကြွလှုပ်ရှားသူ ဥူးဝီရသူတို့ရဲ့ ဟောပြောချက်အချို့ကို စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုအတွက် အထောက်အထားအတွေအဖြစ် သက်သေတင်သွင်းခဲ့တာတွေ့ရတယ်။ (ဧရာဝတီမြန်မာဘာသာသတင်းဖော်ပြချက်ကို ဒီလင့်ခ်မှာကြည့်ပါ။)

ဗွီဒီယိုထဲမှာပြသထားတဲ့ သီတဂူဆရာတော်ကို လိမ္မော်ရောင် ထောင်ဝတ်စုံနဲ့ ဓာတ်ပုံဟာလည်း AI အသုံးပြု ဖန်တီးထားတဲ့ ဓာတ်ပုံဖြစ်တာတွေ့ရတယ်။
သုံးသပ်ချက်
“The Daily Lens”ဟာ သတင်းခေါင်းစဉ်တပ် ဗွီဒီယိုနဲ့ လုပ်ကြံရေးသားပြောဆိုမှုတွေ ဖြန့်ဝေတဲ့နေရာဖြစ်တယ်။ စစ်တပ်ထောက်ခံသူ သီတဂူဆရာတော်ကို ICJ က ဖမ်းဆီးလိုက်တယ် အထောက်အထားမတွေ့ရပါဘူး။

