Fact Check: လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ICJ က မြန်မာဗိုလ်ချုပ်တွေကို အပြစ်ပေး အမိန့်ချတဲ့ သတင်းတု

False နိုင်ငံရေး | Politics

နိုင်ငံတကာ တရားရုံး(International Corut of Justice-ICJ)မှာ တရားစွဲခံရမှုမှာ နောက်ဆုံး အမိန့်ချလိုက်ပြီ လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေနေပြီး ပျံ့နှံ့မှုအား‌ကောင်းနေတာလည်း တွေ့ရတယ်။ သတင်းတုတွေသာဖြစ်တယ်။ 

ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပြောဆိုချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ 

“ICJ ဆုံးဖြတ်ချက် ထွက်လာပြီ 

မြန်မာစစ်တပ်ရဲ့ လူမျိုးတို့သတ်ဖြတ်မှု အမိန့်ချမှတ်၊

စစ်ဗိုလ်ချုပ် (၁၂) ဦး သေဒဏ်အမိန့်ပေးလိုက်ပြီ”

Original link | Archive link

အလားတူရေးသားဖြန့်ဝေမှုကို ဒီလင့်ခ်မှာလည်း တွေ့ရတယ်။

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်နာမကို တုပထားတဲ့ ချန်နယ်တခုဖြစ်တယ်။ ဒီချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတယ်။

အခုလို ICJ မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့ အမှုမှာ နောက်ဆုံး ဆုံးဖြတ်ချက်ချမှတ်လိုက်ပြီဆိုတာ ယုံကြည်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက် မရှိပါဘူး။ ICJ အနေနဲ့ လည်း တရားဝင် ထုတ်ပြန်ထားတာမရှိပါဘူး။ 

အခုလည်း တကယ်တမ်း သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုထဲမှာ ဖော်ပြထားတဲ့ အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖေဖော်ဝါရီ ၁၂ ရက်မှာ ဖော်ပြခဲ့တဲ့ “မြန်မာနိုင်ငံက ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်ခဲ့သည်ဟု ICJ တရားရုံးက စီရင်ချက် ချမှတ်ပါ ကျူး လွန်သူ မြန်မာစစ်ခေါင်းဆောင်များကို ICC အပါအဝင် နိုင်ငံတကာတရားရုံးများတွင် ဆက်လက်အရေးယူရန် လမ်းပွင့်လာမည်ဟုဆို”စတဲ့ သတင်း ပြန်လည်ဖော်ပြထားတယ်။

ဒီဗွီဒီယိုထဲမှာဖော်ပြထားသလို ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ်မှာ စတင်တရားစွဲဆိုခဲ့တဲ့ ဒီအမှုဟာ အခုချိန်မှာ တရားရုံးက ဆုံးဖြတ်ချက်ချရမယ့် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီးဖြစ်တယ်။  အပြစ်ရှိကြောင်း ထွက်ပေါ်လာရင် မြန်မာနိုင်ငံကို “လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သည့်နိုင်ငံ” အဖြစ် သတ်မှတ်ကာ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုနဲ့ သံတမန်ရေးအရ ဖိအားပေးမှုတွေ ပိုမိုပြင်းထန်လာနိုင်ပြီး နောက်ဆက်တွဲအနေနဲ့ စစ်ခေါင်းဆောင်တွေဟာ နိုင်ငံတကာရာဇဝတ်ခုံရုံးတရားရုံးတွေမှာ အမှုဖွင့်လှစ်ခံထားရတာကြောင့် အဲဒီတရားရုံးတွေမှာ ဆက်လက်တရားစွဲဆို အပြစ်ပေးခံရဖို့ ရှိနေပါတယ်။  

သုံးသပ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ် ဆိုတဲ့ မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့ ဂမ်ဘီယာက စွပ်စွဲချက်ဟာ ICJ မှာ ကြားနာမှုပြီးဆုံးခဲ့ပြီဖြစ်ပေမဲ့ တစုံတရာ ဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။ 

Avatar

Title:Fact Check: လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ICJ က မြန်မာဗိုလ်ချုပ်တွေကို အပြစ်ပေး အမိန့်ချတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False