အာဏာခွဲဝေဖို့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို စစ်ခေါင်းဆောင် ဖိတ်ခေါ်လိုက်တယ်ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုတခုသာ ဖြစ်တယ်။
ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။
“စစ်ခေါင်းဆောင် လေသံပြောင်းပြီ
NLDကို ရွေးကောက်ပွဲပြိုင်ဖို့ မင်းအောင်လှိုင်ကိုယ်တိုင် ဆက်
သွယ်ဖိတ်ခေါ် အာဏာခွဲ့ဝေဖို့ပြောနေပြီ”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Original link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယို ပုံစံနဲ့ ပြန်လည်ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက် စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
ဗွီဒီယိုအစမှာပြသခဲ့တဲ့ ရုပ်ကတ်မှာ ပြောဆိုထားသလို အမျိုးသားမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီကို ရွေးကောက်ပွဲပါဝင်ဖို့ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်သွယ်ခဲ့ပြီး အာဏာခွဲဝေယူဖို့ ပြောဆိုခဲ့တဲ့အကြောင်း သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက် မရှိပါဘူး။
အခုလည်း ၁၀ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့် ပါဝင်ဆောင်ရွက်သော NLD ပါတီဝင်များကို အရေးယူမည်”၊ Myanmar Pressphoto Agency ကဖော်ပြခဲ့တဲ့ “KIA က သိမ်းပိုက်ထားသည့် တပ်ရင်းနှစ်ရင်းထပ်မံလက်လွှတ်လိုက်ရပြီးနောက် လူသစ်စုဆောင်းမှုများပိုမို လုပ်ဆောင်လာ”၊ “ရန်ကုန်တွင် ခိုးဆိုးလုယက်နှင့် အိမ်ယာမဲ့လူငယ်များကို စစ်မှုထမ်းထဲ ဖမ်းဆီးပို့ဆောင်နေဟုဆို” စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်“Yangon Khit Thit”ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိပါတယ်။ အခုလည်း စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တာ၊ ပူးပါဝင်ဆောင်ရွက်တာတွေ မလုပ်ဖို့ NLD က ပါတီဝင်တွေကို တိုက်တွန်းတဲ့ သတင်းကို လိုအပ်သလို ခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖော်ပြထားတယ်။
Title:Fact Check: အာဏာခွဲဝေဖို့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ NLD ကို စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False

