တနိုင်ငံလုံး ခရီးသွားလာခွင့်ပိတ်သိမ်းလိုက်ပြီး ကားနဲ့အပြင်ထွက်သူတိုင်း ကို ဖမ်းဆီးဖို့ စစ်ကောင်စီ အမိန့်ထုတ်ကာ ဆီဆိုင်တွေလည်း ပိတ်သိမ်းလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။
“တနိုင်ငံလုံး ခရီးသွားလာခွင့် ပိတ်သိမ်းပြီဟေ့ ကားနဲ့ အပြင်ထွက်တိုင်းဖမ်းဖို့အမိန့်ထုတ် ဆီပြတ်သွားလို့ ဆီဆိုင်အားလုံး ပိတ်ခိုင်းပြီတဲ့”

အချက်အလက်စိစစ်ချက်
ဆီဆိုင်အားလုံး ပိတ်ခိုင်းလိုက်ပြီး တနိုင်ငံလုံးခရီးသွားလာခွင့် ပိတ်သိမ်းကာ ကားနဲ့ အပြင်ထွက်တဲ့သူတိုင်းကို ဖမ်းဖို့ အမိန့်ထုတ်တယ်ဆိုတဲ့အကြောင်း သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာ ဖော်ပြချက် မတွေ့ရပါဘူး။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက် မတွေ့ရပါဘူး။
ဒီလိုပြောဆို ဖြန့်ဝေထားတဲ့ “Mandalay Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ထဲမှာ ဖတ်ကြားနေတဲ့အထဲမှာ “နယ်စပ်လမ်းကြောင်းများနှင့် နယ်စပ်ဂိတ်များ အားလုံးနီးပါး ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘဲ အချိန်ကန့်သတ်ချက်မရှိ ပိတ်ပင်ထားဆဲ ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်သုံးဆီ ပြတ်လပ်မှုသည် အဆိုးရွားဆုံး အဆင့်သို့ ရောက်ရှိနေပါသည်။ ဆီပြတ်လပ်မှုကြောင့် ပြည်တွင်း လေကြောင်းခရီးစဉ်များ အားလုံးကို အကန့်အသတ်မရှိ ရပ်နားထားရသလို၊ ရန်ကုန်-မန္တလေး အမြန်လမ်းအပါအဝင် အဓိက လမ်းမကြီးများပေါ်ရှိ ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များလည်း လမ်းဘေးတွင် ရပ်နားထားရသည့် အခြေအနေသို့ ရောက်ရှိနေပါသည်။ မြို့ကြီးများရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုံးဝရပ်တန့်သွားပြီး ပြည်သူများမှာ ခြေလျင်ခရီးကိုသာ အားကိုးနေရပါသည်။ အရေးပေါ် ဆေးကုသမှုနှင့် လူနာတင်ယာဉ်များအတွက်ပင် လောင်စာဆီ ရရှိရန် ခက်ခဲနေပြီး၊ ရှိသမျှ လောင်စာဆီများကို စစ်ဘက်ဆိုင်ရာများအတွက်သာ သီးသန့် ဖယ်ထားသည့် အခြေအနေ ဖြစ်နေပါသည်။ သယ်ယူပို့ဆောင်ရေး ကွင်းဆက် ပျက်စီးသွားခြင်းကြောင့် အခြေခံ စားသောက်ကုန် ဈေးနှုန်းများမှာလည်း ထိန်းမနိုင်အောင် မြင့်တက်လာနေပါသည်။”စတဲ့ ပြောဆိုချက်တွေအပါအဝင် ပြောဆိုချက်တွေဟာ ယေဘုယျ မြေပြင် အခြေအနေကို ဖော်ပြနိုင်ပေမဲ့ အဝေးပြေး အဓိကကျတဲ့ မြို့တွေအကြား အဝေးပြေးယာဉ်လိုင်းတွေ ရပ်ဆိုင်းသွားတာနဲ့ ရန်ကုန်လို မြို့ပြတွေမှာ ဘက်စ်ကားလိုင်းတွေရပ်ဆိုင်းသွားတာမျိုးမရှိသေးပါဘူး။ လေကြောင်းခရီးစဉ်ရပ်ဆိုင်း တာကလွဲလို့ ဗွီဒီယိုအစမှာ ပြောထားသလို တနိုင်ငံလုံး ကားနဲ့ ခရီးသွားလာခွင့် ပိတ်သိမ်းတယ်ဆိုတာလည်း မရှိသေးပါဘူး။ အာရှနိုင်ငံတွေအတွက် အဓိက စွမ်းအင်တင်သွင်းရာ လမ်းကြောင်းဖြစ်တဲ့ ဟော့မုဇ်ရေလက်ကြားပိတ်ဆို့မှုအခြေအနေကြောင့် မြန်မာနိုင်ငံအနေနဲ့ ဆီပြတ်လပ်နိုင်ခြေ မြင့်မားပေမဲ့ တနိုင်ငံလုံး စက်သုံးဆီဆိုင်တွေ ပိတ်သိမ်းခိုင်းထားတယ်ဆိုတာလည်း မဟုတ်ပါဘူး။
ဒီလိုပဲ ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ်ဖော်ပြထားတာကတော့ ရန်ကုန်ခေတ်သစ် သတင်းဌာနကဖော်ပြခဲ့တဲ့ “မြန်မာပြည်တစ်ဝန်း စက်သုံးဆီဈေး အဆမတန် ထိုးတက်ပြီး ဆီပြတ်လပ်မှုကြောင့် မြို့ကြီးများတွင် ညအိပ် ယာဉ်များ တန်းစီနေရ၊ မှောင်ခိုဈေးကွက်တွင် ဆီများအရောင်းအဝယ် အလွန်ဖြစ်နေ”ဆိုတဲ့ သတင်းဖြစ်တယ်။
သုံးသပ်ချက်
အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် ကမ္ဘာတဝှမ်း ဆီဈေးနှုန်းမြင့်တက်မှု၊ ဆီပြတ်လပ်မှု ဖြစ်ပေါ်နိုင်ခြေတွေနဲ့ ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံဟာလည်းတခုအပါအဝင်ဖြစ်ပြီး ဆီပြတ်လပ်မှု စတင်ရင်ဆိုင်နေရတဲ့ အခြေအနေမှာရှိနေသလို ကားအသုံးပြုခွင့်တွေကိုလည်း ကန့်သတ်ထားပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံး ခရီးသွားလာခွင့်ပိတ်သိမ်းလိုက်ပြီး ကားနဲ့အပြင်ထွက်သူတိုင်း ကို ဖမ်းဆီးဖို့ စစ်ကောင်စီ အမိန့်ထုတ်ကာ ဆီဆိုင်တွေလည်း ပိတ်သိမ်းလိုက်ပြီဆိုတာ မဟုတ်ပါဘူး။

