လိုင်စင်မဲ့ကားတွေကို လိုင်စင်လုပ်ပေးမယ်လို့ စစ်ကောင်စီ စီမံကိန်းနဲ့ ဘဏ္ဏာရေးဝန်ကြီးဌာနက ကြေညာတဲ့ ပို့စ် ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြစ်တာတွေ့ရတယ်။
ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။
“#12.6.2025 Update
(W)ကားတွေ လိုင်စင်ချပေးဖို့ အမိန့်ထုတ်လိုက်ပြီဗျာ
ပိုက်ဘောမိထားတဲ့ ဝယ်ရောင်းပွဲဇိုးလော်ဘီတွေအတွက်တော့ စိတ်တော့မကောင်းပါဘူး😅
ပွဲဇိုးလေးတွေနှလုံးအားဆေးကြိုသောက်ထားကြ”
အချက်အလက်စိစစ်ချက်
လိုင်စင်မဲ့ကားတွေကို လိုင်စင်ထုတ်ပေးမယ်ဆိုတဲ့ ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ် တွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။
စစ်ကောင်စီလက်အောက်က စီမံကိန်းနဲ့ ဘဏ္ဏာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်လို့ ဆိုထားတဲ့ ထုတ်ချက်ကို လေ့လာကြည့်ရာမှာ ရုံးစာအသုံးအနှုန်းမဟုတ်တဲ့ စကားလုံတွေပါဝင်နေသလို မြန်မာစာရေးသား ထုံးဖွဲ့မှုကို ဂရုမပြုမိတဲ့ စာလုံးပေါင်းသတ်ပုံမှားတွေလည်း ပါဝင်နေတာတွေ့ရပါတယ်။ ဒီအချက်ကို လူမှုကွန်ယက် အသုံးပြုသူ အများစုကလည်း သတိထားမိတာတွေ့ရပါတယ်။
ဥပမာအားဖြင့် “W ကားများကို ကျပ်မှတ်ကွင်းဆင်းစစ်ဆေးကာ ဘောင်ဝင်တန်းဝင်ကြံ့ခိုင်မှုကောင်းမွန်ပြီး အင်္ဂါရပ်နှင့်ပြည့်စုံသော ကားများကို ဖမ်းဆီးရာမြို့အလိုက် လိုင်စင်ချပေးသွားမည်ဖြစ်သည်။”ဆိုတဲ့ အရေးအသားကို ကြည့်ပါ။ အရပ်ခေါ် သို့မဟုတ် ကားဝယ်ရောင်းပွဲစားလောကမှာ လိုင်စင်မဲ့ကားကို W(အင်္ဂလိပ်လို Without License)လို့ခေါ်ဝေါ်သုံးစွဲတာ ရေပန်းစားပေမဲ့ တရားဝင် ရုံးလုပ်ငန်းနဲ့ ရုံးစာအရေးအသားတွေမှာ သုံးစွဲခြင်းမရှိပါဘူး။
ဒီအပြင် “ကြပ်မက်”ဆိုတဲ့ မြန်မာစာအရေးအသားကို “ကျပ်မှတ်”လို့ ရေးသားထားသလို “ဘောင်ဝင်တန်းဝင်” ဆိုတဲ့အသုံးအနှုန်းဟာလည်း ရုံးလုပ်ငန်းအရေးအသားမှာ သုံးစွဲလေ့မရှိတာတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေအရ လိုင်စင်မဲ့ကားတွေကို လိုင်စင်ထုတ်ပေးမယ်တာ သတင်းတုတခုသာဖြစ်တယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာဖြစ်စေ ယုံကြည်ရလောက်တဲ့ သတင်းရင်းမြစ်တွေမှာဖြစ်စေ တစုံတရာဖော်ပြချက်မရှိပါဘူး။

Title:Fact Check: လိုင်စင်မဲ့ကားတွေကို လိုင်စင်ပေးမယ်ဆိုတဲ့ သတင်းတု
Written By: Zun ZeeResult: False