Fact Check: တီရှပ်အနီ သိန်း ၆၀၀၀ ဖိုးဝယ်တဲ့ သတင်းဟာ မဟုတ်ပါ

Misleading နိုင်ငံရေး | Politics

ရွေးကောက်ပွဲမှာ အဖျက်အမှောက်လုပ်ဖို့ တီရှပ်အနီ သိန်း ၆၀၀၀ ဖိုးဝယ်သွားတယ်ဆိုတဲ့ ပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိပါတယ်။

 ဒီလိုပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ  မင်္ဂလာစျေးကနေ တီရှပ်အနီ သိန်းခြောက်ထောင် ကျော်ဖိုး ၀ယ်ယူသွားတယ်လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်ကရခဲ့တာဖြစ်ပြီး သံသယဖြစ်ဖွယ်ဖြစ်နေလို့ မင်္ဂလာစျေးသူစျေးသားများ ကဒီသတင်း ကိုပေးကြတာဖြစ်တယ်လို့ ရေးသားထားပါတယ်။ ရွေးကောက်ပွဲနေ့ကျရင် ဒီလို အင်္ကျီတွေဝတ်ပြီး ကိုယ်စားလှယ် တွေကို ရွေးကောက်ပွဲဉပဒေအရ အရေးယူခံရအောင်ပြီး ဖြုတ်ချခံရအောင်လုပ်လာနိုင် တယ်လို့လည်း ရေးသားထားတာတွေ့ရပါတယ်။

သို့သော်လည်း ဒီလိုရေးသားမျှဝေချက်ဟာ ၂၀၁၅ ခုနှစ်မှာလည်း ဒီလို အလားသဏ္ဏာန်တူ မျှဝေခဲ့ဖူးပြီး ဒီအချက် အလက်ဟာ မှားယွင်းတာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေက ပြန်လည်မျှဝေထားတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရ ပါတယ်။ ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။

မူရင်းလင့်ခ် –  Fb linkArchive link 

အချက်အလက်စိစစ်ချက်

Google မှာ အဓိကကျတဲ့ စကားလုံးတွေအသုံးပြုရှာဖွေကြည့်ရာမှာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ပို့စ်ဟာ ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲ မတိုင်ခင်ကာလက ပျံ့နှံ့ခဲ့ဖူးတာတွေ့ရှိရပါတယ်။ဒီလို ပျံ့နှံ့ခဲ့တဲ့ သတင်းနဲ့ပတ်သက်ပြီး 7 Days သတင်းဌာနက ၂၀၁၅ ခုနှစ်က မမှန်ကန်ကြောင်းရေးသားခဲ့ဖူးပါတယ်။အဲဒီအချိန်က NLD ပါတီမှ မင်္ဂလာတောင် ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ကလည်း အဝတ်အထည် အရောင်းဆိုင်တွေက ဒီပမာဏဝယ်ယူရန်မှာ မဖြစ်နိုင်ဘူးလို့ ပြောကြားခဲ့ဖူးပါတယ်။

မူရင်းလင့်ခ်- 7day | Archive link

အခုလို တီရှပ် ကျပ် ၆၀၀၀ သိန်းဖိုးဝယ်သွားတယ်လို့ ပျံ့နှံ့နေတဲ့ အကြောင်းနဲ့ ရွေးကောက်ပွဲ ဉပဒေအသုံးချ အဖျက်အမှောက်လုပ်ဖို့ ရည်ရွယ်တဲ့ကိစ္စဖြစ်တယ်လို့ ပြောဆိုချက်နဲ့ပတ်သက်ပြီး မေးမြန်း ရာမှာတော့ ဒေါ်ဖြူဖြူသင်းက Fact Crescendo Myanmar ကို အောက်ပါအတိုင်းပြောပါတယ်။

“ကျွန်မတို့တော့ မကြာမိဘူးရှင်။ နောက်တစ်ခုကလေ ရွေးကောက်ပွဲဉပဒေမှာပါတယ်။ ဒီပါတီနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေပေါ့။ ရင်ထိုးတို့ အင်္ကျီတို့ဝတ်ပြီး ကိုက် ၅၀၀ အတွင်းမသွားရဘူး။ ကျွန်မတို့ အဲဒါ နှစ်တိုင်းလည်း ကြုံရတယ်။ ၂၀၁၂ ခုနှစ်ရော ၂၀၁၅ ခုနှစ်ရော။ အဲဒီအခါကျတော့ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တယ်ဆိုရင်တော့ ပါတီက တာဝန်ခံလို့မရဘူးလေ။ တစ်ချို့ကိစ္စတွေမှာ။ ဉပမာ ဘယ်သူက လုပ်လုပ် ကျွန်မတို့ NLD ပါတီမှမဟုတ်ပါဘူး။ ဘယ်ပါတီမဆိုပေါ့။ တစ်ယောက်က ရည်ရွယ်ချက်တစ်စုံတစ်ရာနဲ့ လုပ်ခဲ့မယ်ဆိုရင် ဒီပါတီက ခံရမယ်ဆိုတာတော့ မဖြစ်သင့်ဘူး။ ဒါကြောင့်မို့လို့ သူ့ရဲ့ဖြစ်စဉ်ကိုသေချာကြည့်ပြီး အဲဒါကို ထပ်ပြီးကြည့်ပြီး အရေးယူဖို့ဆိုတာကို ၂၀၁၂ မှာရော ၂၀၁၅ ရောဖြစ်ခဲ့တာရှိတာပေါ့။ အခုလည်း ခုနပြောသလို (ကျပ်သိန်း)၆၀၀၀ ဖိုးဝယ်တယ်၊ ဘယ်လောက်ဖိုးဝယ်ဝယ်ပေါ့။ ရည်ရွယ်ချက်နဲ့လုပ်တယ်ဆိုရင်တော့ သက်ဆိုင်ရာ ပါတီနဲ့သက်ဆိုင်ခြင်းမရှိဘူး ဆိုတာတော့ နဂိုကတည်းက ဉပဒေမှာလည်း ရှိပြီးသားပါ။”

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ မင်္ဂလာစျေးကနေ တီရှပ်အနီ ကျပ် သိန်း ၆၀၀၀ ဝယ်သွားတယ်ဆိုတဲ့ အချက်ဟာ မှားယွင်းနေတာတွေ့ရပါတယ်။ ဒီလိုမျှဝေချက်ဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလမှာလည်း ရှိခဲ့ဖူးတာတွေ့ရပြီး လက်ရှိမှာ ၂၀၂၀ ရွေးကောက်ပွဲနှင့် အချိန်ကိုက် သတိပေးချက်အဖြစ် မျှဝေနေခြင်းဖြစ်ပါတယ်။

Avatar

Title:တီရှပ်အနီ သိန်း ၆၀၀၀ ဖိုးဝယ်တဲ့ သတင်းဟာ မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *