အမေရိကန်တပ်ဖွဲ့ထောင်ချီပါဝင်တဲ့ အမေရိကန် စစ်ရေယာဉ် ၅ စီး ရခိုင်ကမ်းလွန်ကို ဝင်ရောက်လာတယ်ဆိုတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။
အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။
“အမေရိကန် စစ်ရေယာဉ် (၅) စီး ဝင်လာ
ရခိုင့်ကမ်းလွင်ပြင် အမေရိကန်တပ်ဖွဲ့ထောက်ချီရောက်လာလို့
စစ်အုပ်စုတွင်းပွတ်လောက်ရိုက်နေ၊ တပ်မိသားစုတွေ ရွေ့ပြေးနေပြီ”

အချက်အလက်စိစစ်ချက်
ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်နာမကို တုပထားတဲ့ ဒီဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း သတင်းဖော်ပြချက်ထဲမှာ အမေရိကန်စစ်သင်္ဘော ၅ စီး အိန္ဒိယသမုဒ္ဒရာထဲမှာ ဖြတ်သန်းနေပြီး ရခိုင်ကမ်းလွန်ဝင်လာပြီလို့ ဆိုထားပေမဲ့ ဒီသတင်းကို ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက် မတွေ့ရပါဘူး။ ဒီလိုပဲ သတင်းထဲမှာ အမေရိကန် လေယာဉ်တင် စစ်သင်္ဘော USS Ronald Reagan ပါဝင်တဲ့ စစ်သင်္ဘော ၅ စီး အုပ်စုဟာ စစ်ကောင်စီကို ဖိအားပေးဖို့အတွက် ရခိုင်ကမ်းလွန်ကို အင်အားပြလာခြင်းဖြစ်တယ် စသည်ဖြင့်လည်းဖော်ပြထားတယ်။ တကယ်တမ်းမှာ ဒီ USS Ronald Reagon စစ်သင်္ဘောဟာ ၂၀၁၄ ခုနှစ် မတ်လမှာပဲ ပြုပြင်ထိန်းသိမ်းရေးလုပ်ဖို့အတွက် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့က Bremerton ဆိပ်ကမ်းမှာ ကုန်းပေါ်တင်ထားတယ်။ ပြင်ဆင်ချိန် တနှစ်ခွဲကြာမြင့်မှာဖြစ်ပြီး ၂၀၂၆ ခုနှစ်ကုန်ပိုင်းမှ ပြန်လည် တာဝန်ထမ်းဆောင်နိုင်မှာဖြစ်တယ်။

ဒီလိုပဲ အမေရိကန်စစ်သင်္ဘောတွေ ရခိုင်ပြည်နယ်ကို ဝင်လာပြီဆိုပြီးတော့ ပြီးခဲ့တဲ့လထဲမှာလည်း သတင်းတု ဖြန့်ခဲ့သေးပြီး Fact Crescendo Myanmar က အချက်အလက် စိစစ်ထားတာကို ဒီလင့်ခ်မှာ ကြည့်ပါ။
သုံးသပ်ချက်
ရန်ကုန်ခေတ်သစ်မီဒီယာကို တုပထားတဲ့ ယူကျူ့ချန်နယ်တခုက သတင်းတုဖြန့်ချိမှုသာဖြစ်တယ်။ ယခုရက်ပိုင်းအတွင်းမှာ အမေရိကန် စစ်သင်္ဘောတွေ ရခိုင်ကမ်းလွန်ကို ရောက်ရှိနေတယ်ဆိုတာဖြစ်တဲ့ ရခိုင်ကမ်းလွန်ကို ဝင်လာတယ်ဆိုတာဖြစ်စေ အထောက်အထားမတွေ့ရပါဘူး။
Title:Fact Check: အမေရိကန် စစ်ရေယာဉ် ၅ စီး ရခိုင်ကမ်းလွန်ကို ဝင်ရောက်လာတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False

