စစ်ခေါင်းဆောင် ဒရုန်းထိမှန်ပြီး အသက်ရှင်ဖို့ ရာနှုန်းနည်းကြောင်း MRTV ကြေညာသွားတယ်ဆိုပြီး ဗွီဒီယိုတခု “Local Celegram ”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတုတခုသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“မင်းအောင်လှိုင် ဒရုန်း နဲ့ ထိပြီ
အသက်ရှင်ဖို့%နည်းဟု MRTV ကြေငြာပြီ”
အချက်အလက်စိစစ်ချက်
ပထမဆုံးအနေနဲ့ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ကိုကြည့်မယ်ဆို မီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးတဲ့အကြောင်းအရာတွေ ဒါမှမဟုတ် လုပ်ကြံရေးသားဖြန့်ဝေမှုတွေကို ပြုလုပ်တဲ့ နေရာဖြစ်တာ တွေ့နိုင်တယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုထဲမှာ စစ်ခေါင်းဆောင် ကျန်းမာရေးအခြေအနေဆိုးရွားနေတဲ့အကြောင်း သတင်းတွေမှာ ဖော်ပြနေကြတယ်လို့ ဆိုထားပြီး အိပ်ရေးအလွန်ပျက်ပြီး ခုခံအားနည်းနေပြီး အကြောဆေး ခဏခဏ သွင်းနေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့အတွက် လူထုက လှုပ်ခဲ့သလိုမျိုး စစ်ခေါင်းဆောင်ကလည်း အသက် ၆၉ နှစ်ပြည့် မွေးနေ့အတွက် ပြည်သူတွေဆီက မွေးနေ့ဆုတောင်းဗွီဒီယိုတွေ ပေးပို့နိုင်ဖို့ ဝက်ဘ်ဆိုဒ်တခု လွှင့်တင်ထားကြောင်း စသည်ဖြင့် ရောက်တတ်ရာရာ ပြောကြားနေတာ တွေ့ရပါတယ်။
၁ မိနစ်ကျော်ရှည်လျားတဲ့ ဒီသတင်းတု ဗွီဒီယိုဖိုင် တခုလုံးမှာ စစ်ခေါင်းဆောင် ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး အသက်လုနေရတယ်ဆိုတဲ့အကြောင်း မပါဝင်ပါဘူး။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာလည်း ဖော်ပြချက်မရှိသလို စစ်ကောင်စီထိန်းချုပ်ထားတဲ့ MRTV ကလည်း ကြေညာခဲ့ခြင်းမရှိပါ။
သုံးသပ်ချက်
“Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံသတင်းမှားတွေ ဖြန့်ချိတဲ့နေရာဖြစ်ပြီး ခေါင်းစဉ်တုတပ် ဗွီဒီယိုတွေလည်း ဖြန့်ချိတယ်။ စစ်ခေါင်းဆောင် ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး သေဆုံးနိုင်ခြေ များတယ်ဆိုတာ သတင်းတုသာဖြစ်တယ်။

Title:Fact Check: စစ်ခေါင်းဆောင် ဒရုန်းထိမှန်ပြီး အသက်ရှင်ဖို့ ရာနှုန်းနည်းကြောင်း MRTV ကြေညာတဲ့ သတင်းတု
Written By: နေရာမောင်Result: False