
မတ် ၂၄ ရက်က မြန်မာနိုင်ငံမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၂ ဉီးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်အပြီး ၄ ရက်အတွင်းမှာ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူးစက်ခံရမှုအတည်ပြုလူနာ ၈ ယောက်ရှိခဲ့ပြီဖြစ်ပါတယ်။ မတ် ၂၈ ရက်မနက်အစောပိုင်း မှာ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၃ ဉီးထပ်မံတွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။
ဒီလိုအချိန်မှာပဲ မတ် ၂၆ ရက်က မြန်မာလူထုဟာ ကိုရိုနာဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိတဲ့ စားသောက်နေထိုင်ရှိနေ တာကြောင့် စိတ်ပူစရာမလိုဘူးဆိုပြီး သူ့ကိုယ်သူ ဒေါက်တာတစ်ဉီးလို့ ပြောထားတဲ့ ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ ၅ မိနစ်ကျော်ရှည်ကြာတဲ့ ဒီဗွီဒီယိုထဲမှာ ငါးပိရည်နဲ့ အရွက်မျိုးစုံတို့၊ ထမင်းစားတဲ့ မြန်မာတွေအနေနဲ့ ကိုရိုနာဗိုင်ရပ်စ်ခုခံဖို့ အားရှိပြီးဖြစ်တယ်လို့ ပြောကြားထားပါတယ်။

အချက်အလက်စိစစ်ချက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အစားအသောက်ကြောင့် ရောဂါကာကွယ်နိုင်စွမ်းရှိတယ်ဆိုတဲ့ ထုတ်ပြန်ချက်မျိုး တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ ကိုရိုနာဗိုင်းရပ်စ်ကနေ အကောင်းဆုံး ကာကွယ်နိုင်မယ့်နည်းလမ်းကတော့ လက်ကို ဆပ်ပြာ သို့မဟုတ် အရက်ပျံပါတဲ့ လက်ဆေးရည်နဲ့ မကြာခဏဆေးကြောတာလုပ်ဖို့၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေတာ၊ မျက်စိပွတ်တာ၊ နှာခေါင်းနှိုက်တာမျိုးမလုပ်ဖို့၊ နှာစေးချောင်းဆိုးတဲ့အခါမှာ လက်ဒကောက်ကွေး သို့မဟုတ် တစ်သျှူးနဲ့ဖုံးအုပ်ပြီးဆိုတာတွေဟာ သင့်ရော သင့်ပတ်ဝန်းကျင်ရောကို ကာကွယ်နိုင်တဲ့ အရိုးရှင်ဆုံးနည်းလမ်းပဲလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြား ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ကုသနိုင်တဲ့ ဆေးဝါးအမျိုးလောလောဆယ်အထိ မရှိသေးဘူးလို့ ကမ္ဘာ့ကျန်းမာေရးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အနောက်တိုင်းဆေး၊ တိုင်းရင်းဆေးနဲ့ အိမ်တွင်းဆေး မီတိုတွေက covid-19 ရောဂါလက္ခဏာကို သက်သာအောင်၊ ပျောက်အောင် ကုသပေးကောင်းပေးနိုင်ပေမဲ့ လောလောဆယ်အထိ ကာကွယ်နိုင်၊ ကုသနိုင်တယ်ဆိုတဲ့ ဆေးကို အချက်အလက်ခိုင်ခိုင်မာမာ မတွေ့ ရသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားထားပါတယ်။ အနောက်တိုင်းဆေးအပါအဝင် တိုင်းရင်းဆေးနဲ့ ကုသတာ၊ ကာကွယ်တာတွေကို စမ်းသပ်မှုတွေတော့ရှိနေပြီး လူတွေနဲ့ စမ်းသပ်မှုပြီးစီးရင်ပြီးစီးချင်း ထုတ်ပြန်ပေးသွား မယ်လို့လည်းပြောကြားထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့ ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကိုမြှင့်လို့မရနိုင်သလို အစားအသောက်တစ်မျိုးမျိုးက အခြားအစားသောက်ထက် ဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ် ဆိုတဲ့သဘောမျိုးမရှိကြောင်းလည်း ပါမောက္ခ Pellegrini ကပြောကြားထားတဲ့ ABC သတင်းဌာနကဆောင်းပါးကိုအောက်ပါ လင့်ခ်မှာ လေ့လာနိုင်ပါတယ်။ ဒီဆောင်းပါးမှာပဲ နယူးကာဆယ်တက္ကသိုလ်က အဟာရဗေဒပညာရှင် Clare Collins ကလည်း ကိုယ်ခံစွမ်း အားစနစ်ကို ပိုပြီးမြှင့်တင်ပေးနိုင်တယ်ဆိုတဲ့ အစားအသောက် တစ်မျိုးမျိုးရှိမနေပါဘူးလို့ပြောထား တာတွေ့ရပါတယ်။

သုံးသပ်ချက်
နေ့စဉ်အစာအဟာရတွေကို ပြည့်ပြည့်စုံစုံ မျှမျှတတစားသောက်တာဟာ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းဖို့ လူတိုင်းအတွက် လိုအပ်ချက်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ အမေရိကန်ကျန်းမာရေးအဖွဲ့တို့လို အဖွဲ့အစည်းတွေက လက်ခံထားပေမဲ့ အစားအသောက်တစ်ခုခုကြောင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်တာ မျိုးအထောက်အထားမတွေ့ရသေးပါဘူး။ ဒါကြောင့် ဒီဗွီဒီယိုဖိုင်ပါ ပြောကြားချက်တွေဟာ မမှန်ပါဘူး။

Title:မြန်မာလူထုဟာ ကိုရိုနာဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိတဲ့ စားသောက်မှု ပုံစံရှိသတဲ့လား
Fact Check By: နေရာမောင်Result: False