Fact Check: အစိုးရသစ်က လွတ်ငြိမ်း ကြေညာလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတု

False နိုင်ငံရေး | Politics

အစိုးရသစ်က လွတ်ငြိမ်း ကြေညာလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု ဖြန့်ချိ နေခြင်း သာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“အစိုးရသစ် လွတ်ငြိမ်း ကြေညာပြီ အမေစု မျက်နှာ ပြန်မြင်ရနေပြီ လူရာဝင်ချင်တဲ့ မင်းအောင်လှိုင် ချက်ချင်း လွတ်ငြိမ်း ကြေညာ ၊ နိုင်ငံတကာကို လှည်စားဖို့ လုပ်နေပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက် မတွေ့ရပါဘူး။  လွှတ်တော်ရဲ့ ရွေးကောက်ခံ သမ္မတအဖြစ် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟာ ဧပြီ ၁၀ ရက်က လွှတ်တော်မှာ ကျမ်းကျိန်ပြီးနောက် မိန့်ခွန်းပြောကြားရာမှာ  ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုရေးအတွက် စဉ်းစားထားတယ်လို့ ပြောကြားခဲ့တယ်။ 

အစိုးရသစ် လွတ်ငြိမ်းကြေညာလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီစသည်ဖြင့် ပြောဆို ဖြန့်ဝေထားတဲ့ “Khit Thit Media”ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်ကို တုပထားပြီး သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည် ကူးယူ‌ဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ်ပြီး ဖြန့်ဝေတာ၊ လုပ်ကြံရေးသား ပြောဆိုချက်တွေ ဖြန့်ဝေတာတွေ ပြုလုပ်တဲ့ ချန်နယ် တခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar မှာ အချက်အလက်စိစစ်ချက် မကြာခဏ ဖော်ပြခဲ့ပြီးဖြစ်တယ်။ 

အခုလည်း ဗွီဒီယိုထဲမှာ တကယ်တမ်းဖော်ပြထားတဲ့အကြောင်းအရာဟာ “ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအတွက် နှစ်ဆန်း ၁ ရက်နေ့မှာ ဆုတောင်းခြင်းဖြင့် ပါဝင်ကြဖို့ NLD လူငယ်အဖွဲ့နှိုးဆော်”၊ “နတ်မောက်မြို့နယ် အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က မိုင်းဆွဲတိုက်ခိုက်”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့ အထောက်အထားမရှိသလို ရွေးကောက်ခံ သမ္မတ တဖြစ်လဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွတ်ငြိမ်း ကြေညာခဲ့တယ်ဆိုတဲ့ အထောက်အထားလည်း မရှိပါ။ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြရာမှာ သတင်းခေါင်းစဉ်ကို လိုအပ်သလို ခေါင်းစဉ်တုတပ်ဖြန့်ချိလေ့ရှိတယ်။

Result Stamp

Title: Fact Check: အစိုးရသစ်က လွတ်ငြိမ်း ကြေညာလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတု

Written By: နေရာမောင်

Result: False