Fact Check: နိုင်ငံခြားသားအကြံပေးများအတွက် လစဉ် ကျပ် ၂ ဒသမ ၅ ဘီလီယံအသုံပြုခဲ့သလား

Misleading နိုင်ငံရေး | Politics

NLD အစိုးရဟာ နိုင်ငံခြားသားငှားရမ်းခ လစဉ်ကျပ် ၂ ဒသမ ၅ ဘီလီယံအသုံးပြုခဲ့တယ်ဆိုပြီးတော့ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ မျှဝေနေတာတွေ့ရပါတယ်။

လူမှုကွန်ယက်ပေါ်မှာ NLD အစိုးရက နိုင်ငံခြားသား အကြံပေး ၉၀ ကျော် ခန့်အပ်ပြီး ပြည်သူ့ဘဏ္ဍာငွေတွေ ဖြုန်းတီးခဲ့တယ်ဆိုပြီး မကြာခဏပြန်နှံ့ခဲ့တဲ့ အထဲမှာ “NLD အစိုးရဟာ နိုင်ငံခြားသား ငှားရမ်းခတစ်နှစ်ကို ကျပ် ၂၄,၃၉၇,၆၀၉,၈၂၀/- တစ်လကို ကျပ် ၂ ဒသမ၅ ဘီလီယံအထိသုံးစွဲနေကြောင်း ပြည်သူများသိစေအပ်ပါတယ်” (မူရင်းအရေးအသား)လို့ ရေးသားမျှထားတဲ့ ဓာတ်ပုံပို့စ်တစ်ခုလည်းပါဝင်ပါတယ်။

တစ်နှစ်ကို ကျပ် ၂၄ ဘီလီယံ နိုင်ငံခြားသားတွေအတွက် ကုန်ကျခဲ့တယ်၊ တစ်လ ကျပ် ၂ ဒသမ ၅ ဘီလီယံရှိတယ် ဆိုပြီးတော့ ရေးသားမျှဝေချက်ကိုယ်၌က ရှေ့နောက်မညီဖြစ်နေတာတွေ့ရပါတယ်။ ၂၄ ဘီလီယံကို ၁၂ လနဲ့ စားကြည့်မယ်ဆိုရင် တစ်လကို ၂ ဘီလီယံပဲရှိပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ အလားသဏ္ဌာန်တူ ရေးသားမျှဝေချက်ကို ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

အချက်အလက်ရှာဖွေကြည့်ရာမှာ ပို့စ်ပါအကြောင်းအရာဟာ  ၂၀၁၉ ခုနှစ် မေ ၃ ရက်မှာ ကျင်းပခဲ့တဲ့ ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့မှာ တပ်မတော်သား ကိုယ်စား လှယ် ဗိုလ်မှူးဇော်ဝင်းနိုင်က နိုင်ငံခြားသားအကြံပေးတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခု မေးမြန်းခဲ့မှုနဲ့ ပတ်သက် တာတွေ့ရ ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးဇော်ဝင်းနိုင်က၂၀၁၈ ခုနှစ်၊ နိုင်ငံဝန်ထမ်း ဉပဒေ ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဉပဒေအရ ဝန်ကြီးဌာနတွေက ဌားရမ်းထားတဲ့ နိုင်ငံခြားသားအကြံပေးတွေနဲ့ ပတ်သက်ပြီး မေးခွန်းတစ်ခု မေးမြန်းမှုခဲ့ တာဖြစ်ပါတယ်။ အဲဒီအချိန်က ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက လာရောက်ဖြေကြာ ခဲ့တာတွေ့ပါတယ်။ ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။

ဒီဖြေကြားချက်မှာ အချိန်အကန့်အသတ်နဲ့ တင်ပြပုံလိုအပ်ချက်ကြောင့် ရရှိခဲ့တဲ့ ရှင်းလင်းတင်ပြအချိန်အတွင်းမှာ အကုန်အပြီးသတ်ဖြေကြားနိုင်ခြင်းမရှိခဲ့သော်လည်း သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနအပါအဝင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊  စီမံကိန်းနှင့်ဘဏ္ဏာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ စာရင်းစစ်ချုပ်ရုံးစတဲ့ ဝန်ကြီးဌာနတွေမှာ ငှားရမ်းခဲ့တဲ့ နိုင်ငံခြား အကြံပေးစတဲ့ ၉၀ အတွက်ကုန်ကျငွေတွေကို ဖော်ပြခဲ့တာတွေ့ရပါတယ်။ 

ဒီငွေတွေကို စုစုပေါင်းကြည့်ရာမှာ ဒေါ်လာ ၁၅ ဒသမ ၄ သန်းဝန်းကျင်ရှိပြီး မြန်မာနိုင်ငံမှာ အမြင့်ဆုံး ငွေလဲ နှုန်းဖြစ်ခဲ့တဲ့ အဲဒီအချိန်က ငွေလဲနှုန်း တစ်ဒေါ်လာ ၁၅၆၅ ကျပ်နဲ့တွက်ချက်ကြည့်ရာမှာ အထက်ပါပို့စ်မှာပါတဲ့ ကိန်းဂဏန်းတစ်ခု(တစ်နှစ် ၂၄ ဘီလီယံကျော်)ကို ရရှိတာတွေ့ရပါတယ်။ 

သို့သော်လည်း ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းရဲ့ဖြေကြားချက်များအရ ဒီငွေတွေဟာ နိုင်ငံတကာဖွံ့ဖြိုးမှုအကူအညီအောက်ကနေ အခြားနိုင်ငံတကာအဖွဲ့အစည်းတွေက ငှားရမ်းက ပေးချေရ တဲ့ငွေတွေ လည်းပါဝင်တာတွေ့ရပြီး စီမံကိန်းအလိုက်ခန့်အပ်ခဲ့တာတွေ့ရပါတယ်။ အချို့သော ပညာရှင်တွေဟာ ၄၅ ရက်ဝန်းကျင်သာ ငှားရမ်းခဲ့တာလည်းတွေ့ရပါတယ်။ အပြည့်အစုံကို အောက်ပါလင့်ခ်ကတစ်ဆင့် ဒေါင်းလုတ် လုပ်ပြီးလေ့လာနိုင်ပါတယ်။

မူရင်းလင်ခ့် – Pyithu HluttawArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ NLD အစိုးရက တစ်နှစ် ကျပ် ၂၄ ဘီလီယံကျော်၊ တစ်လ ကျပ် ၂ ဒသမ ၅ ဘီလီယံ နိုင်ငံခြားသားအကြံပေးတွေအတွက် အသုံးပြုခဲ့တယ်ဆိုတာ ဆက်စပ်မှုမရှိသလို ကုန်ကျစရိတ် အကုန်လုံးဟာ အစိုးရက ကျခံသုံးစွဲခဲ့ရတယ်ဆိုမျိုးမဟုတ်တာတွေ့ရပါတယ်။

Avatar

Title:နိုင်ငံခြားသားအကြံပေးများအတွက် လစဉ် ကျပ် ၂ ဒသမ ၅ ဘီလီယံအသုံပြုခဲ့သလား

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *