မင်္ဂလာဒုံလေဆိပ် ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရမှုဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ လတ်တလော အဖြစ်အပျက်မဟုတ်ဘဲ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။
အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။
“မင်္ဂလာဒုံလေဆိပ် အမှောင်ကျပြီ
မင်္ဂလာဒုံလေဆိပ် ၁၀၇မမနဲ့ တိုက်ခိုက်ခံရပြီး စစ်ခွေး
အသေအပျောက်များနေ၊ လေဆိပ်ကို အမှောင်ချထား”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Tht Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာ တချို့က ဖော်ပြချက် သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိပါတယ်။
အခုလည်း အမှန်တကယ်မှာ ၂၀၁၃ ခုနှစ်က သတင်းဟောင်းကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေထားသလို ချဲ့ကား ရေးသားထားခြင်းဖြစ်တာလည်းတွေ့ရတယ်။
ဗွီဒီယိုဖိုင်ထဲမှာဖတ်ကြားနေတဲ့ သတင်းဟာ စစ်တပ်ဘက်ယိမ်းတဲ့ သတင်းဌာနတခုဖြစ်တဲ့ NP News က ၂၀၁၃ ခုနှစ်မှာဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ဖော်ပြထားတယ်။ အောက်မှာကြည့်ပါ။

ဒီအပြင် ၉ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ လက်ရှိအဖြစ်အပျက်ဖြစ်တဲ့ “BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ဦးစီး ထိန်းချုပ် လုပ်ကိုင်နေသော KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူပေါင်း ၂၂၀၀ နီးပါးကို ဖမ်းဆီးဟုဆို”နဲ့ လောင်းလုံမြို့ အောင်သပြေဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို PDF က ဝင်ရောက်တိုက်ခိုက်မှုစတဲ့ သတင်းတွေကို ဖော်ပြထားတယ်။
သုံးသပ်ချက်
“Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က ဖော်ပြချက် သတင်းတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတယ်။ ၂၀၁၃ ခုနှစ်က မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ မင်္ဂလာဒုံလေဆိပ်တိုက်ခိုက်မှု သတင်းကို ပြန်လည်ဖော်ပြပြီး လတ်တလောအဖြစ်အပျက်သဖွယ်မျှဝေထားတယ်။ ဒီရက်ပိုင်းအတွင်းမှာ မင်္ဂလာဒုံလေဆိပ် တိုက်ခိုက်ခံရတဲ့ သတင်း ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။
Title:Fact Check: မင်္ဂလာဒုံလေဆိပ် ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရမှု သတင်းဟောင်းကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေ
Fact Check By: Zun ZeeResult: False

