
ချောင်းဦး ယာကြီးတောရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုပြီး ဓာတ်ပုံ ၃ ပုံနှင့်အတူ ဖေ့စ်ဘွတ်မှာဖြန့်ဝေလျှက်ရှိတာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံတွေဟာ Khit Thit Media က ကနဦးဖော်ပြခဲ့တဲ့ သတင်းဖော်ပြချက်ပါဓာတ်ပုံတွေဖြစ်ပါတယ်။
“ချောင်းဦး၊ ယာကြီးတောကျေးရွာကို PDFအကြမ်းဖက်မှမီးရှို့ဖျက်ဆီး အိမ်ခြေ ၆၀ မီးလောင်ကျွမ်းပြာကျ
June 29
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြိုနယ်ယာကြီးတောကျေးရွာကိုPDF အဖွဲမှဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ၅ ကြိမ်မြောက် မီးရှို့ဖျက်ဆီးကြောင်း ကျေးရွာဒေသခံတစ်ဦးမှ ပြောကြား
ရှို့တာက PDF တွေရှို့တာပြီးရင် စစ်တပ်ကလုပ်ပါတယ်ဆိုပြီးသတင်းလိမ်တွေနဲ့ လူထုကိုချပြနေတယ်လို့ သိရှိရပါတယ်”(မူရင်းအရေးအသား) စသည်ဖြင့်“Min Min Oo”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
အချက်အလက်စိစစ်ချက်
အဓိကျတဲ့စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဓာတ်ပုံတွေဟာ Khit Thit Media က ကနဦးဖော်ပြခဲ့တဲ့အကြောင်းအရာပါ ဓာတ်ပုံတွေကို အသုံးပြုပြီး အကြောင်းအရာကိုဆန့်ကျင်ဘက်ရေးသား မျှဝေနေတာတွေ့ရပါတယ်။
“ဇွန်လ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန် ချောင်းဦးမြို့နယ် ၊ ကံကြီးကျေးရွာမှ ပျူစောထီးများနှင့်စစ်တပ် အင်အား ၃၀ ဝန်းကျင်ဖြင့် ယာကြီးတောကျေးရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း၊ ယခု မီးရှို့မှုသည် ၅ ကြိမ်မြောက် မီးရှို့မှုဖြစ်ပြီး ၅ ကြိမ်အတွင်း စုစုပေါင်း အိမ်ခြေ ၆၀ နီးပါး ပြာကျခဲ့ကြောင်း ၊ ယနေ့ မီးရှို့မှုတွင် အိမ်ခြေ ၂၀ ကျော် မီးထဲပါသွားကြောင်း သိရှိရသည်။ ”လို့ Khit Thit Media သတင်းမှာရေးသားထားပြီး ကံကြီးကုန်းပျူစောထီးနဲ့ စစ်သားအင်အား၃၀လောက်က လာရောက်ဖျက်ဆီးသွားတာဖြစ်တယ်လို့ ချောင်းဦးဆရာတော် ဦးနန္ဒက မိန့်ကြားတယ်လို့ကိုးကားပြီးသတင်းမှာဖော်ပြပါတယ်။
Khit Thit Media က ဇွန် ၂၈ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ ဒီသတင်းနဲ့ ဓာတ်ပုံတွေကို ဖော်ပြခဲ့နောက် ဇွန် ၂၉ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ “Min Min Oo”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက PDF ကမီးရှို့တယ်လို့ ဖော်ပြ လာတာပဲဖြစ်ပါတယ်။
မူရင်းလင်ခ့် – Khit Thit Media | Archive link
Khit Thit Media ကဖော်ပြခဲ့တဲ့ သတင်းနဲ့ Min Min Oo အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကဖော်ပြခဲ့တဲ့အကြောင်း အရာကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

အခုလိုမျိုး Khit Thit Media ကဖော်ပြချက်ပါသတင်းဓာတ်ပုံကိုအသုံးပြုပြီး အကြောင်းအရာကို ဆန့်ကျင်ဘက် ရေးသားလျှက်ဖြန့်ဝေမှုတွေကို Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်နဲ့ ဒီလင်ခ့်မှာလေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
PDF တွေ မီးရှို့ဖျက်ဆီးမှုအဖြစ်ဖော်ပြနေတဲ့ဓာတ်ပုံတွေဟာ Khit Thit Media က ကနဦးဖော်ပြခဲ့တဲ့ စစ်တပ်နဲ့ ပျူစောထီးမီးရှို့မှုအဖြစ်ဖော်ပြထားတဲ့ သတင်းပါဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: ချောင်းဦး ယာကြီးတောရွာကို PDF တွေက မီးရှို့ဖျက်ဆီးမှုအဖြစ် သတင်းမှားဖြန့်
Fact Check By: Nayar MaungResult: Misleading