မဟာမိတ်တပ်ပေါင်းစုဖွဲ့စည်းလိုက်ပြီး KIO ဦးဆောင်ကာ နေပြည်တော်ကို ထိုးစစ်ဆင်မည်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခု က ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းကျော်ရှိထားတယ်။
“နေပြည်တော် တုန်လှုပ်နေပြီ
မဟာမိတ် တပ်ပေါင်းစု ဖွဲ့စည်းလိုက်ပြီ ၊ KIO ဦးဆောင်ပြီး
တိုက်စစ်ဆင်မည်”
အချက်အလက်စိစစ်ချက်
ကချင်အမျိုးသားလွတ်လပ်ရေးအဖွဲ့(KIO)လက်အောက်က လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ KIA ဟာ တော်လှန်ရေးအဖွဲ့အစည်းတွေကို အားပေးကူညီတာနဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို တက်တက်ကြွကြွပြုလုပ်နေတဲ့ ဝါရင့်လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်တယ်။ ဒါပေမဲ့ ဘီဘီစီမြန်မာပိုင်းက ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ ခေါင်းစဉ်နဲ့ သတင်းဖော်ပြချက်ကို တုန့်ပြန်တဲ့အနေနဲ့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာက ရေးသားဖော်ပြရာမှာ KIA ဒုတိယစစ်ဦးစီးချုပ် ဂွမ်မော်က KIA ဟာ နေပြည်တော်ကို ဦးတည်ထိုးစစ်ဆင်တာကို လုပ်ဆောင်မှာ မဟုတ်တာကို တိုက်ရိုက်မဟုတ်ပေမဲ့ သွယ်ဝိုက်ပြီး ပြောကြားခဲ့ပါတယ်။ သူ့ ပို့စ်ရဲ့ အပြည့်အစုံဖော်ပြချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။ မဟာမိတ်တပ်တွေနဲ့ စုပေါင်းပြီး ကိုယ်ဒေသအတွက် ကိုယ်တိုင် တိုက်ခိုက်ကြဖို့နဲ့ ကိုယ်တိုင်ရပ်တည်နိုင်ကြဖို့ဆိုတာ KIA ရဲ့ မူဝါဒဖြစ်ကြောင်း ဒုတိယစစ်ဦးစီးချုပ် ဂွမ်မော်က ဖြေကြားထားတာပဲဖြစ်တယ်။
အခုလည်း ၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ “ပြည်သူနှင့်အဖွဲ့အားလုံးစုစည်းပြီး အင်တိုက်အားတိုက် တော်လှန်ရေးတိုက်ပွဲဝင်ကြရန် KIO ဥက္ကဋ္ဌ တိုက်တွန်း”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြထားတယ်။ ဒီသတင်းတပုဒ်လုံးမှာ နေပြည်တော်ကို KIO သို့မဟုတ် KIA အနေနဲ့ ဦးတည်ထိုးစစ်ဆင်မယ်လို့ တိုက်ရိုက်ပြောကြားတာမရှိပေမဲ့ အာဏာရှင်စနစ်ဖြုတ်ချဖို့အတွက် တော်လှန်ရေးအဖွဲ့အားလုံးနဲ့ ပြည်သူလူထုအနေနဲ့ တော်လှန်ရေးကို အင်တိုက်အားတိုက်ပါဝင်ကြဖို့ ကချင်အာဇာနည်နေ့မှာ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းထားတာဖြစ်ပြီး စစ်ရေးမျှော်မှန်းချက်အနေနဲ့ နေပြည်တော်ကို KIO က တိုက်ခိုက်သိမ်းပိုက်မယ်လို့ ပြောကြားချက်မပါရှိပါဘူး။
သုံးသပ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာ တခုဖြစ်တယ်။ အခုလည်း ပြည်သူလူထုနဲ့ အဖွဲ့အစည်းအသီးသီးအနေနဲ့ တော်လှန်ရေးကို အင်တိုက်အားတိုက်ပါဝင်ကြဖို့ ကချင်အာဇာနည်နေ့မှာ KIO ဥက္ကဌက တိုက်တွန်းတဲ့ သတင်းကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု တပ်ထားခြင်းဖြစ်တယ်။

Title:Fact Check: မဟာမိတ်တပ်ပေါင်းစုဖွဲ့စည်းလိုက်ပြီး KIO ဦးဆောင်ကာ နေပြည်တော်ကို ထိုးစစ်ဆင်မည်ဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False