တော်လှန်ရေးတပ်တွေ ရန်ကုန်ကို ဝင်ရောက်ပြီး အကျဉ်းသားတွေ ကယ်ထုတ်မှု အကျဉ်းသား ၆၈၀၀ ခန့်လွှတ်မြောက်ခဲ့တယ်ဆိုပြီး ဗွီဒီယိုတခု “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတု တခုဖြစ်တာတွေ့ရတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“ရန်ကုန် တော်လှန်ရေးတပ်တွေ ဝင်ရောက်
အကျဉ်းထောင်တွေ ဖောက်ထွင်းခံရ
အကျဉ်းသားတွေ ၆၈၀၀ ခန့် လွတ်မြောက်သွားပြီ”
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ကိုကြည့်မယ်ဆို မီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးတဲ့အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ဝေမှုတွေကို ပြုလုပ်တဲ့ နေရာဖြစ်တာတွေ့နိုင်တယ်။
အခုလည်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ “လှိုင်သာယာတွင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထားသော မဇွန်ပွင့်လှိုင်ကို ရဲများလက်မှ ပစ်ခတ် ကယ်ထုတ်သွား၊ ပစ်ခတ်မှုကြောင့် ဒုရဲအုပ် ၁ ဦးသေဆုံးပြီး ရဲအရာရှိ ၁ ဦးဒဏ်ရာရ”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြထားတယ်။
၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ်ဖော်ပြထားတဲ့အကြောင်းအရာတွေဟာလည်း ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “NUG အစိုးရကို အသိအမှတ်ပြု ထိတွေ့ဆက်ဆံ နေသော တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင် ဖြစ်ခွင့်မပေးရန် မြန်မာစစ်ကောင်စီက အာဆီယံဥက္ကဋ္ဌထံသို့ စာပေးပို့”၊ “စစ်ကောင်စီ၏ မတရား ဖမ်းဆီးချုပ်နှောင်မှုအတွင်း လုံလောက်သော ဆေးဝါးကုသမှု မရရှိ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အသက်အန္တရာယ် NUG စိုးရိမ်”စတဲ့သတင်းတွေကို ပြန်လည် မျှဝေထားတယ်။
သုံးသပ်ချက်
Mandalay KhitThit ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ လှိုင်သာယာမှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံထားရသူတဦးကို ရဲလက်က ပစ်ခတ် ကယ်ထုတ်တဲ့ဖြစ်စဉ်ကို လိုအပ်သလို ခေါင်းစဉ်တုတပ် မျှဝေထားခြင်းဖြစ်တယ်။

Title:Fact Check: တော်လှန်ရေးတပ်တွေ ရန်ကုန်ကို ဝင်ရောက်ပြီး အကျဉ်းသား ၆၈၀၀ ကယ်ထုတ်တဲ့ သတင်းတု
Written By: နေရာမောင်Result: False