နယ်နိမိတ်ကျော်ပျံသန်းမှုနဲ့ မြန်မာစစ်တပ်လေယာဉ်ကို ထိုင်းစစ်တပ် ပစ်ချလိုက်တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။
“နယ်ကျော်မှုနဲ့ ထိုင်းစစ်တပ်မှ ပစ်ချ
ထိုင်းလေပိုင်နက်ထဲ ကျူးကျော်ပျံသန်းနေတဲ့ မြန်မာ
ကြမ်းဖက်စစ်တပ် တိုက်လေယာဉ် ထိုင်းစစ်တပ်မှ ပစ်ချ”

အချက်အလက်စိစစ်ချက်
မြန်မာစစ်တပ်တိုက်လေယာဉ်ကို နယ်ကျော် ပျံသန်းလာလို့ ထိုင်းစစ်တပ်က ပစ်ချလိုက်တယ်လို့ဆိုထားပေမဲ့ ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဒီသတင်းဖော်ပြချက် အထောက်အထား မတွေ့ရပါဘူး။
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိပြီး ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ချက်တွေ မကြာခဏဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။
ဒီအပြင် ဗွီဒီယိုထဲမှာ အသုံးပြုထားတဲ့ ထိုင်းစစ်တပ်က ပစ်ချလိုက်တဲ့ မြန်မာစစ်တပ်လေယာဉ်အဖြစ် ဖော်ပြနေတဲ့ ဓာတ်ပုံကို ၂၀၂၅ ခုနှစ် မေ ၂၂ ရက်က ဧရာဝတီသတင်းဌာနရဲ့ အင်္ဂလိပ်ပိုင်း သတင်းမှာဖော်ပြထားတာတွေ့ရပြီး ရွှေကူမြို့ ခလရ ၅၆ အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တိုက်ခိုက်မှုကြောင့် ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ဖြစ်တယ်လို့ ဓာတ်ပုံအညွှန်းစာမှာ ဖော်ပြတယ်။

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ “မြန်မာ့အရေး ဒေါ်လာ ၁၂၁ သန်း ကူညီနိုင်မည့် ဘဏ္ဍာရေးဥပဒေကြမ်း အမေရိကန်လွှတ်တော်နှစ်ရပ် အတည်ပြု၊ သမ္မတထရမ့် လက်မှတ်ထိုးရန်သာကျန်” ၊ “စစ်တွေအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂ ဦး ဆေးကုသခွင့်မရဘဲ သေဆုံး”စတဲ့ သတင်းတွေကိုလည်း ပြန်လည်ဖော်ပြထားတယ်။
သုံးသပ်ချက်
“Khit Thit Thadin” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာပြန်လည် ဖြန့်ချိသလို လုပ်ကြံရေးသားပြောဆိုချက်တွေလည်း ဖြန့်ချိပါတယ်။ နယ်နိမိတ်ကျော် ပျံသန်းမှုနဲ့ မြန်မာစစ်တပ်လေယာဉ်ကို ထိုင်းစစ်တပ် ပစ်ချလိုက်တယ်ဆိုတဲ့ သတင်းဟာ သတင်းတုဖြစ်ပြီး ကျန်သတင်းတွေဟာ မီဒီယာတချို့က သတင်းတွေကို ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်တာတွေ့ရတယ်။
Title:Fact Check: နယ်နိမိတ်ကျော်ပျံသန်းမှုနဲ့ မြန်မာစစ်တပ်လေယာဉ်ကို ထိုင်းစစ်တပ် ပစ်ချဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False

