Fact Check: ဆော်ဒီခရီးစဉ်မှာ ဇန်လန်းစကီး ဒူးထောက်ခဲ့တဲ့ ဗွီဒီယိုဟာ AI အသုံးပြုဖန်တီးထားခြင်းဖြစ်တယ်

False နိုင်ငံတကာ၊ | International

ဆော်ဒီအာရေးဗီးယားနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်မှာ လေဆိပ်မှာလာကြိုတဲ့ ဆော်ဒီတာဝန်ရှိသူတွေကို ယူကရိန်း သမ္မတ ဇန်လန်းစကီးက လက်ဆွဲနှုတ်ဆက်ပြီးနောက် ဒူးထောက်လိုက်တဲ့ ဗွီဒီယိုတခု လူမှုကွန်ယက်မှာပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ နားလည်းမှုလွဲစေနိုင်တဲ့ ဗွီဒီယိုဖြစ်ပြီး ဗွီဒီယိုဟာ AI ဆော့ဖ်ဝဲတခုကို အသုံးပြုပြီး ဖန်တီးထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရတယ်။

အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုပါ မြင်ကွင်းနဲ့  ပြောဆိုချက် စာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတဲ့ ပြောဆိုချက်တွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။

“ဒီလိုခေါင်းဆောင်မျိုးအောက်မှာနေရရင် ငတ်ပြီးသေရင်တောင် ကျေနပ်နေမှာ🥰 မိမိနိုင်ငံကိုရောင်းမစားဘူး”

မူရင်းလင်ခ့် – Original link | Archive link

အချက်အလက်စိစစ်ချက်

အဓိက ကျတဲ့ စကားလုံး တချို့ အသုံးပြုပြီး ရှာဖွေရာမှာ အခုပြောဆိုချက်တွေမှာ ပျံ့နှံ့နေသလို ယူကရိန်း သမ္မတရဲ့ ဒီလို ထူးခြားတဲ့လုပ်ဆောင်ချက်ကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ် တခုတလေကမျှ ဖော်ပြချက်မရှိပါဘူး။ 

ဗွီဒီယိုပါမြင်ကွင်းကို Google မှာ ပုံရှာနည်း အသုံးပြုရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ၂၀၂၃ ခုနှစ် ထဲမှာ သမ္မတဇန်လန်းစကီး အာရပ်အဖွဲ့ထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့ လာရောက်စဉ်က မြင်ကွင်းနဲ့ တူတာတွေ့ရပါတယ်။ 

ထပ်မံ ရှာဖွေကြည့်ရာမှာတော့ The Times and The Sunday Times သတင်းဌာနကပဲ မတ် ၁၀ ရက်က ဇန်လန်းစကီး ဆော်ဒီအာရေးဗီးယားနိုင်ငံ ဂျဒ်ဒါ(Jeddah)မြို့ကို ရောက်ရှိလာပြီးနောက် လေဆိပ်မှာ ဆော်ဒီတာဝန်ရှိသူတွေက ကြိုဆိုကြတဲ့ ဗွီဒီယို ယူကျူ့မှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ ဒီထဲမှာ ဇန်လန်းစကီးဟာ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားတာတွေ့ရပြီး ဆော်ဒီတာဝန်ရှိသူတွေကလည်း အနက်ရောင်ကို ဝတ်ဆင်ထားတာတွေ့ရပါတယ်။

တခြားသော သတင်းအေဂျင်စီဖြစ်တဲ့ AP ကလည်း မတ် ၁၀ ရက်မှာ ဇန်လန်းစကီး လေဆိပ်ကို ရောက်ရှိ လာပြီးနောက် ဆော်ဒီတာဝန်ရှိသူတွေက ကြိုဆိုနှုတ်ဆက်နေတဲ့ ဗွီဒီယိုဖော်ပြချက်မှာလည်း တူညီစွာတွေ့ရပြီး ဇန်လန်းစကီး ဒူးထောက်လိုက်တာ မတွေ့ရပါဘူး။

ဒီအပြင် ပျံ့နှံ့မှုအား‌ကောင်းနေတဲ့ ဇန်လန်းစကီး လေယာဉ်ကွင်းထဲမှာ ဆော်ဒီတာဝန်ရှိသူတဦးကို လက်ဆွဲနှုတ်ဆက်ပြီး ဒူးထောက်လိုက်တဲ့ ဗွီဒီယိုရဲ့ အောက်ခြေမှာ Hailuo AI ဆိုတဲ့ စာတမ်းလည်းတွေ့ရပါတယ်။ ဒီ ပလက်ဖောင်းဟာ အခုလို AI အသုံးပြုပြီး ဗွီဒီယိုတွေလုပ်လို့ရတဲ့ နေရာဖြစ်တာတွေ့ရတယ်။ 

C:\Users\User\Downloads\Untitled design.jpg

ဒီဗွီဒီယိုဟာ တခြားသော ဘာသာစကားအသုံးပြုသူတွေအကြားလည်း တူညီစွာ ပျံ့နှံ့ခဲ့ပြီး  Fact Crescendo သီရိလင်္ကာနဲ့ Fact Crescendo ကမ္ဘောဒီးယားတို့မှာလည်း အချက်အလက်စိစစ်ခဲ့ပြီးဖြစ်ပါတယ်။ (ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ)

သုံးသပ်ချက်

ဆော်ဒီအာရေးဗီးယားနိုင်ငံခရီးစဉ်မှာ လေဆိပ်မှာလာကြိုတဲ့ ဆော်ဒီတာဝန်ရှိသူတွေကို ယူကရိန်း သမ္မတ ဇန်လန်းစကီးက လက်ဆွဲနှုတ်ဆက်ပြီးနောက် ဒူးထောက်လိုက်တဲ့ ဗွီဒီယိုဟာ AI ဆော့ဖ်ဝဲတခုကို အသုံးပြုပြီး ဖန်တီးထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရတယ်။ သမ္မတ ဇန်လန်းစကီးက ဆော်ဒီအာရေးဗီးယားမှာ ဒူးထောက်လိုက်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ 

ပြောဆိုချက်- ဆော်ဒီအာရေးဗီးယားခရီးစဉ်မှာ လေဆိပ်မှာလာကြိုတဲ့ ဆော်ဒီတာဝန်ရှိသူတွေကို ယူကရိန်း သမ္မတ ဇန်လန်းစကီးက လက်ဆွဲနှုတ်ဆက်ပြီးနောက် ဒူးထောက်လိုက်တဲ့ ဗွီဒီယို

Avatar

Title:Fact Check: ဆော်ဒီခရီးစဉ်မှာ ဇန်လန်းစကီး ဒူးထောက်ခဲ့တဲ့ ဗွီဒီယိုဟာ AI အသုံးပြုဖန်တီးထားခြင်းဖြစ်တယ်

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *