မြန်မာရွေးကောက်ပွဲကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ စစ်ရေးအရ အရေးယူမယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့နေတာတွေ့ရတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။
“လူ့အခွင့်ရေးကောင်စီ ကြားဖြတ်သတင်း
ရွေးကောက်ပွဲကို လက်နက်နဲ့ ဖျက်စီးမည်
ပြည်သူများ ၂၈ ရက်နေ့ အပြင်မထွက်ကြနဲ့
အကုန် ပစ်မိန့်ပေးထားပြီ”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “မန္တလေးခေတ်သစ်” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေ ရေးသားတဲ့အကြောင်းအရာတွေကို သတင်းခေါင်းစဉ် တုတပ် ဖြန့်ဝေတာတွေပြုလုပ်ပါတယ်။ အချက်အလက်စိစစ် ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း လူမှုကွန်ယက်အသုံးပြုသူတယောက်ရေးသားတဲ့ “ကုလ ၏ မြန်မာ ပြည်သူ များ အတွက် ခရစ်စမတ် လက်ဆောင် နှစ်ခု”ဆိုတဲ့ သတင်းဆောင်းပါးကို ပြန်လည်မျှဝေပြီး ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တာတွေ့ရတယ်။ ဒီအတွေးအမြင်ဆောင်းပါးထဲမှာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကို သစ္စာခံတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုခွင့် ဆက်ရခဲ့တာနဲ့ ဒီဇင်ဘာ ၂၂ ရက်က ဗြိတိန်နဲ့ တောင်ကိုရီယားရဲ့ ဦးဆောင်မှုနဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ မြန်မာ အရေးကို တံခါးပိတ် ဆွေးနွေးပွဲ ပြုလုပ်ခဲ့တာမှာ မြောက်ဦးဆေးရုံကို လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်တပ်ကပြုလုပ်တဲ့ ရွေးကောက်ပွဲကို ရှုတ်ချတဲ့ မှတ်ချက်တွေဟာ ခရစ်စမတ်ကာလတဝိုက်ဖြစ်ပေါ်တိုးတက်မှုတွေဖြစ်လို့ ခရစ်စမတ်လက်ဆောင်အဖြစ် ဆောင်းပါးရှင်က တင်စားခဲ့တယ်။ ဒါပေမဲ့ မြန်မာစစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲကို စစ်ရေးနည်းလမ်းအသုံးပြုမယ်ဆိုတဲ့ ဖော်ပြချက် မတွေ့ရပါဘူး။

ဒီအပြင် ၁၀ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ “မုံရွာမြို့ပေါ်တွင် စစ်တပ်က လူငယ် ၄၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး နမခ စုဆောင်းရေး တပ်သို့ ပို့ဆောင်၊ မော်လမြိုင်တွင်လည်း စစ်တပ်က လူငယ် ၂ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေကျပ် ၇၅ သိန်းဖြင့် ပြန်းရွေးခိုင်း”၊ “စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သည့် ပါတီဝင် ၂၀ ဦးကို NLD ထုတ်ပယ်”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။
သုံးသပ်ချက်
“မန္တလေးခေတ်သစ်” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေနဲ့ သတင်းခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့်ဝေတာတွေပြုလုပ်ပါတယ်။ စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲကို ကုလသမဂ္ဂက ဝေဖန်ရှုတ်ချပေမဲ့ မြန်မာမှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက စစ်ရေးအရ အရေးယူမယ်ဆိုတဲ့ ပြောဆိုချက် အထောက်အထားမရှိပါဘူး။
Title:Fact Check: မြန်မာရွေးကောက်ပွဲကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ စစ်ရေးအရ အရေးယူမယ်ဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False

