Fact Check: ငွေကြေးလိမ်လည်မှုနဲ့ နေပြည်တော်ကို အမေရိကန် စစ်တပ် ဝိုင်းထားပြီး ဗုံးကြဲလေယာဉ်တွေလည်း ဝင်လာပြီဆိုတဲ့ သတင်းတု 

False နိုင်ငံရေး | Politics

ငွေကြေးလိမ်လည်မှုနဲ့ နေပြည်တော်ကို အမေရိကန်စစ်တပ် ဝိုင်းထားပြီး ဗုံကြဲလေယာဉ်တွေလည်း ဝင်လာပြီ ဆိုတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းတု သတင်းမှားသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အောက်တိုဘာ ၂၄ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၈၀၀၀၀ ဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။  

“နေပြည်တော်ကို အမေရိကန် စစ်တပ် ဝိုင်းထားပြီ

ဗုံးကြဲလေယာဉ်တွေ အစီးလိုက် ဝင်လာ

အမေရိကန်က ကြားဖြန့်အမှုဆိုပြီး နေပြည်တော်ကို တင်းကြပ်

နိုင်ငံတကာ အကြမ်းဖက်နှိမ်နှင်းရေး စစ်ဆင်ရေး ကြေညာ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေ ကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာတွေ့ရတယ်။  ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က မကြာခဏအချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာကြည့်ပါ။

အခုလည်း ဗွီဒီယိုထဲမှာပါဝင်တဲ့အကြောင်းအရာဟာ နေပြည်တော်စစ်အစိုးရကို အမေရိကန် ဖိအားပေးဖို့ပြင် ဆင်နေပြီဆိုတဲ့ အတွေးအမြင်ဆောင်းပါးတပုဒ်ကို ပြန်လည်ဖော်ပြထားတယ်။ ဆောင်းပါးတပုဒ်လုံးမှာ အမေရိကန်က စစ်ရေးအရ အရေးယူမှာမဟုတ်ပေမဲ့ နိုင်ငံရေးနဲ့ စီးပွာရေးအရ ပိုမိုဖိအားပေးဖို့ ပြင်ဆင်နေတဲ့အကြောင်းကို အဓိက ဖော်ပြထားတာတွေ့ရတယ်။ ခေါင်းစဉ်တုတပ်ရေးသားထားသလို စစ်ရေးအရ အမေရိကန်က အရေးယူမယ့်အကြောင်း မပါဝင်ပါဘူး။ 

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီသတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုထဲမှာ နောက်ထပ် သတင်းတချို့ကို ထပ်မံဖော်ပြထားပြီး လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “မတ္တရာအ‌ရှေ့ခြမ်းမှာတိုက်ပွဲ တွေဆက်လက်ပြင်းထန်၊ ​တော်လှန်​ရေးတပ်​​တွေဘက်က ရွာသုံးရွာခန့်ဆုတ်​ပေးခဲ့ရဟု​​ဒေသခံအချို့​ပြော”၊ “ပုသိမ်မြို့နယ်တွင် အောက်တိုဘာ လ၀က်အတွင်း လူငယ်(၁၀)ဦးခန့်ကို စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင်”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

ဗွီဒီယို ဖြန့်ချိထားတဲ့ “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတချို့က သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ငွေကြေးလိမ်လည်မှုနဲ့ နေပြည်တော်ကို အမေရိကန် စစ်တပ် ဝိုင်းထားပြီး ဗုံးကြဲလေယာဉ်တွေလည်း ပျံသန်းနေတယ်ဆိုတာ မဟုတ်ပါဘူး။

Avatar

Title:Fact Check: ငွေကြေးလိမ်လည်မှုနဲ့ နေပြည်တော်ကို အမေရိကန် စစ်တပ် ဝိုင်းထားပြီး ဗုံးကြဲလေယာဉ်တွေလည်း ဝင်လာပြီဆိုတဲ့ သတင်းတု 

Fact Check By: နေရာမောင်  

Result: False