
ကျုံပျော်မြို့နယ်မှာ အသုဘချရာကနေ ရွာသားအချင်းချင်း ပြဿနာဖြစ်ကြတာကို ကိုရိုနာဗိုင်းရပ်စ် သံသယကြောင့်ဖြစ်ရတယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ ဗွီဒီယိုဖိုင်တစ်ခု ပျံ့နှံ့နေပါတယ်။
POWER 50 LAW BLOGS အမည်နဲ့ စာမျက်နှာက “ထိုင်းမှ ပြန်လာသော ကိုရိုနာစောင့်ကြည့် လူနာ များပြားနေချိန်အတွင်း ကျုံပျော်မြို့နယ် ဇင်ပြွန်းကုန်း ကျေးရွာမှ သေဆုံးသွားသော အသုဘအား လူစုလူဝေးဖြစ်လာသဖြင့် ရဲတပ်ဖွဲ့မှ တားဆီးရာမှ ပဋိပက္ခဖြစ်ပွားပြီးအရပ်သားတစ်ဦးသေဆုံး ရဲတပ်ဖွဲ့ဝင်ရှစ်ဦးဒဏ်ရာရ”ဆိုပြီး ခေါင်းစဉ်တပ်ရေးသားထားသလို ဖေ့စ်ဘွတ်မှာ ကိုရိုနာ၊ထိုင်းပြန်စတဲ့ # တွေအသုံးပြုပြီး ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။
“လက်ရှိအခင်းဖြစ်ပွားရာနေရာ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၂၁၁ ဦး အထိရှိကြောင်းလည်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်ဇော်ဝင်းထံမှ သိရှိရပါသည်”လို့လည်း ရေးသားထားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
Google မှာ “ကျုံပျော်မြို့နယ်ဇင်ပြွန်းရွာမှာ အသုဘချ”ဆိုပြီး အဓိက စကားလုံးနဲ့ ရှာကြည့်တဲ့အခါမှာ အောက်ပါ သတင်းတွေတွေ့ရပါတယ်။ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်တွေမှာ ကျုံပျော်မြို့နယ်ဇင်ပြွန်းရွာမှာ အသုဘချရင်း ရွာသားအချင်းချင်းပြဿနာတက်ခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ဇင်ပြွန်းကုန်းကျေးရွာမှာ ၂၀၂၀ ခုနှစ် မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းက နာရေးချဖို့အတွက် လမ်းပိတ်ဆို့ထားမှုကြောင့် ရဲတပ်ဖွဲ့နဲ့ ကျေးရွာနေလူထုအကြား ပဋိပက္ခဖြစ်ကြ တဲ့ဖြစ်ရပ်ဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ ဧရာဝတီသတင်းဌာနက သတင်းမှာ ကိုရိုနာဗိုင်းရပ်စ် သံသယကြောင့်လို့ သတင်းမှာဖော်ပြခြင်းမရှိပါဘူး။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ဇင်ပြွန်ကုန်း ကျေးရွာ အနောက်ပိုင်းက သာမန် သေဆုံးမှုနဲ့သေဆုံးသူ ဒေါ်ပျော့(ခ)ဒေါ်ခင်လှိုင်ရဲ့ ရုပ်အလောင်းကို အသုဘချဖို့လာချိန်မှာ ရွာအရှေ့ပိုင်းက နေထိုင်သူများက တားဆီးစဉ် ပဋိပက္ခ ဖြစ်ပွားကြတာပဲ ဖြစ်ပါတယ်လို့ပဲ The Voice သတင်းဌာနကဖော်ပြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် သံသယကြောင့်လို့ သတင်းမှာဖော်ပြခြင်းမရှိပါဘူး။

၂၀၁၇ ခုနှစ် တစ်ကြိမ်၊ ၂၀၁၉ ခုနှစ်က တစ်ကြိမ် ဒီရွာဟာ အသုဘချတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပဋိပက္ခ ဖြစ်ခဲ့ဖူးတာကိုလည်း အောက်ပါလင့်ခ်တွေမှာဝင်ရောက်လေ့လာနိုင်ပါတယ်။
ကျုံပျော်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၂၁၁ ဦး အထိရှိကြောင်းလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အတည်ပြုထားခြင်းမရှိပါဘူး။ မတ် ၂၅ ရက် ည ၉ နာရီ ၄၅ မိနစ်အထိ တစ်နိုင်ငံလုံးမှာ စောင့်ကြည့်လူနာ ၂၇၆ ယောက်ရှိပြီး သံသယလူနာမှာ ၂ ဉီးပဲရှိပါတယ်။

သုံးသပ်ချက်
ကျုံပျော်မြို့နယ်မှာ အသုဘချရာကနေ ရွာသားအချင်းချင်း ပြဿနာဖြစ်ကြတာကို ကိုရိုနာဗိုင်းရပ်စ် သံသယကြောင့်ဖြစ်ရတယ်ဆိုပြီးတော့ပြောဆိုနေကြတာ သတင်းမှားသာဖြစ်ပါတယ်။

Title:ကျုံပျော်မြို့နယ်မှာ အသုဘချတာရာမှာ ပြဿနာဖြစ်ပွားမှုကို ကိုရိုနာဗိုင်းရပ်စ်သံသယ ကြောင့်လို့ ဖော်ပြနေကြ
Fact Check By: နေရာမောင်Result: False