အစ္စရေးမှာ ပြည်သူတွေ ဘေးလွတ်ရာ တောင်ကုန်းတွေဆီ သွားရောက်ခိုလှုံနေတဲ့ မြင်ကွင်းဆိုပြီး ကုန်းပြင်မြင့်တွေကြားမှာ လူရာပေါင်းများစွာ လှုပ်ရှားသွားလာနေတဲ့ ဗွီဒီယိုတခု ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းမှားသာဖြစ်တယ်။ ဗွီဒီယိုဟာ နီပေါမှာ မှိုရှာနေတဲ့ မြင်ကွင်းသာဖြစ်တယ်။
လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်းမှာ အီရန်ဘက်က လက်တုန့်ပြန် ပစ်ခတ်မှုတွေကြောင့် အစ္စရေးမှာလည်း ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။
“အစ္စရေးပြည်သူများ ဘေးလွတ်ရာ တောင်တန်းများသို့ ခိုလှုံ
==============
အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲတွင် အီရန်နှင့် ရင်ဆိုင်ဖြစ်ပွားနေသော အစ္စရေး အစိုးရ၏ ဗုံးကြဲတိုက်ခိုက်မှု့ကြောင့် အီရန်ပြည်သူ ၁၂၀၀ ကျော် သေဆုံးခဲ့ကြောင်း အဆိုပါ သေဆုံးမှု့ထဲတွင် စာသင်ကျောင်းထဲက ကလေးငယ်ပေါင်း ၁၃၀ လည်းပါဝင်ခဲ့တယ်လို့ အီရန် အစိုးရ သတင်းဌာနမှ ကြေငြာခဲ့ပါတယ်… သို့သော် အစ္စရေးနိုင်ငံဘက်တွင်လည်း အီရန်မှ လက်တုန့်ပြန် ပစ်ခတ်မှု့များကြောင့် အစ္စရေးနိုင်ငံ ဒေသအသီးသီးသို့ ထိမှန်မှု့များရှိခဲ့ပြီး ယနေ့ထိ အစ္စရေးနိုင်ငံသား ၁၂၅ ဉီးထိ သေဆုံးမှု့ရှိခဲ့သည်။ လက်ရှိတွင် အီရန်၏ ပစ်ခတ်လက်တုန့်ပြန်မှု့ကို ရှောင်ရှားရန်အတွက် အစ္စရေး ပြည်သူအချို့ ဘေးလွတ်နိုင်မည်ထင်သော တောင်ကုန်းများဆီသို့ သွားရောက်ခိုလှုံနေကြလျက်ရှိပါသည်။
ဂိုလ်ရှယ်လေး”

အချက်အလက်စိစစ်ချက်
အစ္စရေး ပြည်သူတွေဟာ ဘေးလွတ်မယ်ထင်တဲ့ တောင်ကုန်းတွေဆီ သွားရောက်ခိုလှုံနေပုံလို့ဆိုထားတဲ့ ဗွီဒီယိုကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဗွီဒီယိုဟာ ၂၀၂၅ ခုနှစ်ကတည်း အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာ တွေ့ရတယ်။
နီပေါနိုင်ငံမှာ ဆေးဘက်ဝင်လို့ နာမည်ကြီးပြီး အဖိုးတန်တဲ့ မှိုတမျိုး ရှာဖွေနေကြတဲ့ မြင်ကွင်း ဗွီဒီယို ဖြစ်တာတွေ့ရတယ်။ ၂၀၂၅ ခုနှစ် ဇွန် ၂ ရက်က madeinnepal143 အမည်နဲ့ အင်စတာဂရမ်အကောင့်မှာ ဒီဗွီဒီယိုကို အောက်ပါအတိုင်း ရေးသားမျှဝေထားတယ်။
“နှစ်စဉ်နှစ်တိုင်း၊ ရူပါပတန်အပါအဝင် ဒေါ်လ်ပါကုန်းမြင့်ဒေသတွင် ရှားပါးပြီး အလွန်တန်ဖိုးရှိသော ဆေးဖက်ဝင်မှိုတစ်မျိုးဖြစ်သည့် ယာဆာဂမ်ဘာကို ရိတ်သိမ်းရန် စိတ်အားထက်သန်သော လူအများအပြား ဝင်ရောက်လာနေသည်ကို တွေ့မြင်ရသည်။ “ဟိမဝန္တာရွှေ” အဖြစ် လူသိများသော ယာဆာဂမ်ဘာသည် မီတာ ၃၀၀၀ မှ ၅၀၀၀ အကြား အမြင့်တွင် ကြီးထွားဖွံ့ဖြိုးပြီး ၎င်း၏ ကျန်းမာရေးအကျိုးကျေးဇူးများကြောင့် တန်ဖိုးထားခံရသည်။ ဒေါ်လ်ပါနှင့် ရူကမ်၊ ဂျာဂျာကော့နှင့် ဂျူမလာကဲ့သို့သော အိမ်နီးချင်းခရိုင်များမှ ရွာသားများသည် ဤအယ်လ်ပိုင်းမြက်ခင်းပြင်များသို့ ခက်ခဲသောခရီးများကို ထွက်ခွာကာ ယာယီစခန်းများ ဆောက်လုပ်ကာ ရက်သတ္တပတ်များစွာ ကြမ်းတမ်းသောအခြေအနေများကို ခံနိုင်ရည်ရှိကြသည်။ ယာဆာဂမ်ဘာစုဆောင်းမှုမှ ရရှိသောဝင်ငွေသည် အလွန်အရေးကြီးပြီး မိသားစုများကို တစ်နှစ်ပတ်လုံး ထောက်ပံ့နိုင်လေ့ရှိသည်။ သို့သော်၊ အမြင့်ဖျားနာခြင်းနှင့် မခန့်မှန်းနိုင်သောရာသီဥတုအပါအဝင် စိန်ခေါ်မှုများနှင့် ပြည့်နှက်နေပြီး ဤရပ်ရွာများသည် ၎င်းတို့၏ စီးပွားရေးရှင်သန်မှုအတွက် ရှာဖွေရာတွင် ရင်ဆိုင်ရသော အန္တရာယ်များကို ပေါ်လွင်စေသည်။”
(မူလအင်္ဂလိပ်ဘာသာနဲ့ဖော်ပြချက်ကို မြန်မာဘာသာသို့ ပြန်ဆိုထားတယ်)

ဒီတူညီတဲ့ ဗွီဒီယိုဟာ အီရန်မှာ ဇန်နဝါရီလအတွင်းက လူထု ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ပေါ်ချိန်မှာ အီရန်အစိုးရရဲ့ နှိမ်နှင်းမှုကြောင့် ထွက်ပြေးခိုလှုံနေကြရတဲ့ လူအုပ်ကြီးအဖြစ်လည်း သတင်းမှား ပျံ့နှံ့ခဲ့ဖူးပါတယ်။ အဲဒီအချိန်ကလည်း Fact Crescendo က အချက်အလက်စိစစ်ဖော်ပြခဲ့တာကို ဒီလင့်ခ်မှာ ကြည့်ပါ။
သုံးသပ်ချက်
အစ္စရေးမှာ လူထုဟာ ဘေးလွတ်မယ်ထင်တဲ့ တောင်ကုန်းတွေဆီ သွားရောက်ခိုလှုံနေတဲ့ မြင်ကွင်းအဖြစ် ပြောဆိုမျှဝေထားတဲ့ ဗွီဒီယိုဟာ လက်ရှိ အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့အကြား စစ်ပွဲမတိုင်ခင်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရတယ်။ တကယ်တမ်းမှာ ဗွီဒီယိုဟာ နီပေါနိုင်ငံ ဒေါ်လ်ပါကုန်းမြင့်ဒေသမှာ အဖိုးတန် ဆေးဘက်ဝင် မှိုရှာဖွေနေကြတဲ့ မြင်ကွင်းဖြစ်တာတွေ့ရတယ်။

