ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းကို အေအေ(Arakan Army)နဲ့အတူ အမေရိကန် ဝင်တိုက်နေပြီး မြန်မာ စစ်ခေါင်းဆောင် တရုတ်ကို စစ်ကူတောင်းနေရတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက မျှဝေထားတာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။
အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။
“ကျောက်ဖြူဆိပ်ကမ်း အမေရိကန် တိုက်ပြီ
မင်းအောင်လှိုင် တရုတ်ကို စစ်ကူတောင်းနေ
ကျောက်ဖြူဆိပ်ကမ်းကို အမေရိကန်တပ်နဲ့ အေအေ တို့မှ ဝင်တိုက်နေပြီ၊ စစ်ခေါင်းဆောင် တရုတ်ကို စစ်ကူ တောင်းနေရပြီ”
အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”ယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က မကြာခဏ အချက်အလက်စိစစ် ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင်ခ့်မှာကြည့်ပါ။ ဒီချန်နယ်ဟာ လုပ်ကြံရေးသားပြော ဆိုမှုတွေနဲ့ သတင်းမီဒီယာ တွေမှာဖော်ပြပြီး သတင်းတွေကို ရောနှော ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။
အခုလည်း ဗွီဒီယိုအစမှာ ပြသတဲ့ Thumnnail ဓာတ်ပုံ ရုပ်ကတ်မှာ “ကျောက်ဖြူဆိပ်ကမ်းကို အမေရိကန်တပ်နဲ့ အေအေ တို့မှ ဝင်တိုက်နေပြီ၊ စစ်ခေါင်းဆောင် တရုတ်ကို စစ်ကူ တောင်းနေရပြီ”လို့ ဆိုထားပြီး ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အနီးသို့ အမေရိကန်တပ်ဖွဲ့တချို့ ရောက်ရှိလာတယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ကောင်စီဘက်က တုန်လှုပ်နေပြီး မင်းအောင်လှိုင်က တရုတ်အစိုးရထံ အကူအညီတောင်းခံနေရတယ်လို့ ဆိုပြီး နိုင်ငံတကာသုံးသပ်သူတွေကတော့ ဒါဟာ တိုက်ခိုက်ရေးထက် လူမှုကူညီရေးနဲ့ စစ်ဆေးရေးအတွက် ဖြစ်နိုင်တယ်လို့ ယူဆကြောင်း ဗွီဒီယိုထဲ အသံဖိုင်နဲ့ ဖတ်ကြားမှုမှာတော့ ဖော်ပြတယ်။
ဒီပြောဆိုချက်တွေကို အထောက်အပံ့ပေးမယ့် သက်သေအထောက်အထား ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ ဖော်ပြချက် တစုံတရာမရှိပါဘူး။
၉ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ် ဖော်ပြချက်တွေကတော့ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ “ကော့ကရိတ်မြို့နယ် မြဝတီ-ဘားအံလမ်းပိုင်းရှိ စစ်ကောင်စီစခန်းများကို တော်လှန်ရေးတပ်များက ရော့ကတ်ဖြင့် တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်”၊ “မြဝတီမြို့နယ် ဝေါ်လေဗျူဟာကုန်းမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေ”၊ “ပခုက္ကူမြို့တွင် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ”စတဲ့ သတင်းတွေ ပါဝင်တယ်။
ရခိုင်တပြည်လုံးနီးပါးကို ထိန်းချုပ်ထားတဲ့ အေအေဟာ တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတည်ရှိရာ ကျောက်ဖြူပတ်ဝန်းကျင်ကို ထိုးစစ်ဆင်နေတာ လပေါင်းများစွာ ကြာမြင့်ပြီဖြစ်ပါတယ်။
သုံးသပ်ချက်“Khit Thit Thadin”ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြော ဆိုမှုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ စစ်ကောင်စီ ဟာ တရုတ်ရဲ့ ကျောထောက်နောက်ခံနဲ့ ကျောက်ဖြူကို ကာကွယ်နေတာမှန်ပေမဲ့ အေအေနောက်မှာ အမေရိကန်က ပံ့ပိုးနေတဲ့ဆိုတဲ့အချက်အလက် ယုံကြည်ရလောက်တဲ့ အရင်းအမြစ်တွေမှာ တစုံတရာ မတွေ့ရပါဘူး။ ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းကို အေအေနဲ့အတူ အမေရိကန်ဝင်တိုက်နေတယ်ဆိုတာ အထောက်အထား မရှိဘဲ လုပ်ကြံရေးသား ပြောဆိုနေခြင်းဖြစ်တယ်။

