
ကရင်ပြည်နယ်တစ်ခုလုံးမှာ စစ်တပ်က လက်နက်ချလိုက်ပြီဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိမှုဖြစ်ပါတယ်။
“စစ်ခွေး(၅၀၀၀)လက်နက်ချပြီ။မအလ ခွေးလုံးလုံးဖြစ်သွားပီ”လို့ ရေးသားပြီး နိုဝင်ဘာ ၁၈ ရက်မှာ “Ly La” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံစာသားမှာလည်း “ (၁၈) ရက်နေ့ အထူးသတင်း ကရင်ပြည်နယ် တခုလုံးက စစ်ခွေးတွေ လက်နက်ချပြီ”လို့ ရေးသားထားတာပါ။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
စစ်အာဏာသိမ်းပြီးကတည်းက အာဏာဖိဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်လာတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က စုစု ပေါင်းအရေအတွက်ဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအထိ စုစုပေါင်း ၈၀၀၀ ထက်မှာ ရှိခဲ့ပါတယ်။ သို့သော်လည်း ကရင်ပြည်နယ်တစ်ခုထဲက အရေအတွက်တော့ မဟုတ်ပါဘူး။ ကရင်ပြည်နယ်တစ်ခုတစ်ခုလုံး သို့မဟုတ် ကရင်ပြည်နယ်ထဲမှာပဲ အခုလို လက်နက်ချတယ်ဆိုတဲ့ သတင်းမျိုးသတင်းမီဒီယာလုပ်ငန်းအဓိက လုပ်ကိုင်နေ တဲ့ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တစ်ခုတလေကမျှ ဖော်ပြခဲ့ခြင်းမရှိပါဘူး။
ဗွီဒီယိုထဲမှာ ပါတဲ့အကြောင်းအရာကိုလေ့လာကြည့်ရာမှာလည်း ဗွီဒီယိုရဲ့အစမှာဖော်ပြထားတဲ့အကြောင်း အရာ သက်ဆိုင်ခြင်း မရှိတာတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာပါတဲ့ ပထမဆုံးအကြောင်းအရာ DVB TV News က နိုဝင်ဘာ ၁၆ ရက်မှာဖော်ပြခဲ့တဲ့ “ကော့ကရိတ်ကို ဝင်တိုက်သလို မြို့သိမ်းတိုက်ပွဲတွေ တိုက်ခိုက်ဖို့ အစီအစဉ် ရှိ”ဆိုတဲ့ ရုပ်သံသတင်းဆောင်းပါးဗွီဒီယိုက အသံဖိုင်ကိုရယူပြီး အခြားဓာတ်ပုံတွေနဲ့အစားထိုးအသုံးပြုကာ သတင်းကို ကူးယူပြီး ပြန်လည်ဖြန့်ချိနေခြင်းဖြစ်ပါတယ်။
နောက်ထပ်အသံဖိုင်ကတော့ ဧရာဝတီသတင်းဌာနက နိုဝင်ဘာ ၁၇ ရက်ကဖော်ပြခဲ့တဲ့ “ခံစစ်ပြီးတဲ့ တနေ့မှာ ထိုးစစ်က မလွှဲမသွေလုပ်ရမှာပဲ”ဆိုတဲ့ ရုပ်သံဆောင်းပါးသတင်းတစ်ပုဒ်ကိုပဲ အထက်မှာပြောခဲ့သလို အသံဖိုင် ထုတ်ယူပြီး အခြားသောဓာတ်ပုံတွေအသုံးပြုပြီး ဖော်ပြထားခြင်းဖြစ်ပါတယ်။
ထို့အတူ ၁၁ မိနစ်နီးပါးလျားတဲ့ ဒီဗွီဒီယိုမှာပါတဲ့ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Than Lwin Times သတင်းဌာနက နိုဝင်ဘာ ၁၅ ရက်ကဖော်ပြခဲ့တဲ့ “KNU ပြောခွင့်ရ ပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းချက်” ဆိုတဲ့ ဗွီဒီယိုဖိုင်ဖြစ်ပါတယ်။ သူလည်း အထက်မှာပြောခဲ့သလို အသံဖိုင် ထုတ်ယူပြီး အခြားသောဓာတ်ပုံတွေ အသုံးပြုပြီးပေါင်းစပ်ဖော်ပြထားခြင်းဖြစ်ပါတယ်။
သုံးသပ်ချက်
ကရင်ပြည်နယ်တစ်ခုလုံးမှာ စစ်တပ်က လက်နက်ချလိုက်ပြီ စစ်သား ၅၀၀၀ လက်နက်ချတယ်ဆိုတဲ့ပြောဆိုချက် တွေဟာအထောက်အထားမရှိပါဘူး။ နိုဝင်ဘာ ဧရာဝတီသတင်းဌာနဲ့ DVB TV News ကသတင်းဖော်ပြချက် တွေကို လိုအပ်သလိုပြုပြင်ထားပြီး ပြန်လည်ဖော်ပြနေခြင်းဖြစ်ပါတယ်။

Title:Fact Check: ကရင်ပြည်နယ်တစ်ခုလုံးမှာ စစ်တပ်က လက်နက်ချလိုက်ပြီဆိုတဲ့ သတင်းမှား
Fact Check By: နေရာမောင်Result: False