
မြန်မာကို စစ်သား ၅ သိန်းပို့ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။
အောက်ပါ screenshot ကတော့ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုပို့စ်ပါ မြင်ကွင်းဖြစ်ပါတယ်။
“မြန်မာ့အရေး US သမ္မတကြီး ခေါင်းခဲပီ”လို့ ပို့စ်စားသားမှာရေသားပြီး ဗွီဒီယိုအဖွင့် thumbnail ဓာတ်ပုံထဲ မှာတော့ သမ္မတဂျိုးဘိုင်ဒန်ဓာတ်ပုံနဲ့အတူ “ (၁၆)ရက်နေ့ မြန်မာ့အရေး သမ္မတကြီး ခေါင်းခဲပီ US စစ်သား(5) သိန်း မြန်မာကိုပို့ဖို့ ဆုံးဖြတ်”လို့လည်းရေးသားထားပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
အမေရိကန်သမ္မတက US စစ်သား ၅ သိန်းမြန်မာကို ပို့ဖို့ ဆုံးဖြတ်တယ်ဆိုတဲ့ သတင်းမျိုးကို ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာဖော်ပြခြင်းမရှိပါဘူး။ အမေရိကန်သမ္မတနဲ့ ပတ်သက်တဲ့ သတင်းကို အမေရိကန်သမ္မတနေအိမ် အိမ်ဖြူတော်၊ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံး US Embassy Yangon မှာလည်းဒီလိုမျိုးထုတ်ပြန်ချက်မျိုးမရှိပါဘူး။ ထို့အတူ U.S. Asia Pacific Media Hub လို အမေရိကန်ရဲ့သတင်းထုတ်ပြန်နေကြစာမျက်နှာတွေမှာလည်းမတွေ့ရပါဘူး။
အခုဖြန့်ဝေနေတဲ့ ဗွီဒီယို တစ်ခုလုံးမှာလည်း အမေရိကန်သမ္မတ ဂျိူးဘိုင်ဒန်က မြန်မာနိုင်ငံကို စစ်သား ၅ သိန်းပို့မယ်ဆိုတဲ့ အကြောင်းအရာ တစ်စုံတစ်ရာမပါဝင်ပါဘူး။ သတင်းဟောင်းတွေကို ဖြန့်ဝေရာမှာလိုအပ်သလို ခေါင်းစဉ်အတုတွေဖန်တီးပြီးဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ အာဆီယံက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ဆုံးဖြတ်ချက်အကြောင်း၊ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews တောင်ကိုရီးယားကို လာရောက်စတဲ့သတင်းတွေကိုသာဖတ်ကြားနေခြင်းဖြစ်ပါတယ်။
သုံးသပ်ချက်သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို လူတွေစိတ်ဝင်စားမှုရရှိဖို့အတွက် လိုအပ်သလို ပြုပြင်ပြီး ခေါင်းစဉ်တပ်ကာ ဗွီဒီယိုပုံစံနဲ့ ဖြန့်ချိလာခြင်းဖြစ်ပါတယ်။ ဗွီဒီယိုရဲ့ thumbnail ဓာတ်ပုံမှာပါသလို အမေရိကန် သမ္မတက စစ်သား ၅ သိန်း မြန်မာနိုင်ငံကို ပို့မယ်ဆိုတဲ့ ပြောဆိုချက်ဟာ မဟုတ်မှန်ပါဘူး။

Title:Fact Check: US စစ်သား ၅ သိန်း မြန်မာကို ပို့ဖို့ အမေရိကန်သမ္မတဆုံးဖြတ်ဆိုတဲ့ သတင်းခေါင်းစဉ်တု
Fact Check By: နေရာမောင်Result: False