
ကုလသမဂ္ဂ(UN)လုံခြုံရေးကောင်စီအစည်းအဝေးမှာ ဝါကန်ဒါ(Wakanda)နိုင်ငံရဲ့ ဘုရင် တီချာကာမှ နကစ အစိုးရအားထောက်ခံလိုက်တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ အောက်တိုဘာ ၁၀ ရက်ကပြုလုပ်တဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ဒီလို ထောက်ခံခဲ့တာဖြစ်ပြီး သတင်းကိုးကားဖော်ပြမှုအနေနဲ့ ရိုက်တာသတင်းဌာနကို ကိုးကားထားတယ်လို့ ဖော်ပြထားသလို ပို့စ်ရဲ့ အောက်ခြေမှာ wakanda လို့လည်းရေးသားထားပါတယ်။
သို့သော် ဝါကန်ဒါနိုင်ငံဆိုတာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေထဲမှာမရှိသလို အောက်တိုဘာ ၁၀ ရက်ကလည်း လုံခြုံရေးကောင်စီအစည်းအဝေးမရှိတာတွေ့ရပါတယ်။
ဓာတ်ပုံ ၂ ပုံနှင့်အတူ “မျိုးချစ်သစ္စာ ပြည်မြန်မာ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသား မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။
“နကစ အတွက်အသက်ရှူပေါက်တစ်ခု(သို့)ဝါကန်ဒါ
—————————————————-
အောက်တိုဘာ ၁၀ ရက်
ကိုးကား – ရိုက်တာ
ယနေ့ကျင်းပ ပြုလုပ်သော UN လုံခြုံရေးကောင်စီအစည်းအဝေးတွင် ဝါကန်ဒါနိုင်ငံ၏ ဘုရင် တီချာကာ မှ
နကစ အစိုးရအားထောက်ခံကြောင်းနှင့် အစွမ်းကုန်ကူညီမည်ဖြစ်ကြောင်း စစ်ရေးအရလိုအပ်လျှင်လည်းကူညီမည်ဖြစ်ကြောင်းပြောကြားပြီး မြန်မာနိုင်ငံအား ဝိုင်းနှိပ်ကွပ်နေကြသော EU NATO စသည့်အဖွဲ့များကိုလည်း
အုပ်စုလိုက်ဝိုင်းမကိုက်ကြရန် ရာဇသံပေးခဲ့သည်။ဝါကန်ဒါနိုင်ငံ၏ ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ တီချာလာမှလည်း နကစအစိုးရအတွက် ဗိုက်ဗရေနီယမ် သတ္တုဖြင့်
ပြုလုပ်ထားသော သံချပ်ကာကားများပေးအပ်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ဝါကန်ဒါ နိုင်ငံသို့မြန်မာနိုင်ငံသားများ အလည်လာနိုင်စေရန် Free Visa ပြုလုပ်ပေးမည်ဖြစ်ကြောင်းသိရသည်။ထို့ပြင်ဘုရင်ကြီးတီချာကာ မှာအောက်တိုဘာ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်မည်ဖြစ်ပြီး နကစ ဝန်ကြီး မင်းအောင်လှိုင် နှင့် သီတဂူ ဆရာတော်ဘုရားတို့ဖြင့် တွေ့ဆုံမည်ဟုလည်းသိရသည်။
#ဝါကန္ဒါ #wakanda
#crd_to_owner”
တူညီတဲ့ ရေးသားမျှဝေမှု တွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာတွေ မှာ တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
ကုလသမဂ္ဂရဲ့ ဝက်ဘ်ဆိုဒ်မှာ အဖွဲ့ဝင်နိုင်ငံတွေကို ရှာဖွေကြည့်ရာမှာ မြန်မာလို ဝါကန်ဒါလို့ အသံထွက်ပြီး အင်္ဂလိပ်လို Wakanda လို့စာလုံးပေါင်းနဲ့ အဖွဲ့ဝင် နိုင်ငံမရှိတာ တွေ့ရပါတယ်။ ဒီလင့်ခ်မှာ ကြည့်ရှူ့နိုင်ပါတယ်။
အက်စတိုးနီးယား၊ အိန္ဒိယ၊ အိုင်ရစ်လန်၊ ကင်ညာ၊ မက္ကစီကို၊ နိုင်ဂျာ၊ နော်ဝေ၊ စိန့်ဗင်ဆင့်နှင့် သခ်ခရင်နာဒင်းစ်၊ တူနီးရှား၊ဗီယက်နမ်တို့ဟာ အောက်တိုဘာလအတွက် အလှည့်ကျလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေဖြစ်ပါ တယ်။ လုံခြုံရေးကောင်စီအစည်းအဝေးမှတ်တမ်းမှာလည်း အောက်တိုဘာ ၁၀ ရက်မှာ အစည်းအဝေး လုပ်တယ်လို့မတွေ့ရပါဘူး။

မူရင်းလင်ခ့် –UNSC| Archive link
တင့်ကားဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၀ ခုနှစ် မတ်လကတည်းက ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံဖြစ်ပြီး မြို့ပေါ်မှာ လုံခြုံရေးချထားတဲ့ တောင်အာဖရိက စစ်တပ်ရဲ့ ဓာတ်ပုံဖြစ်ပါတယ်။
Wakanda လို့ Google မှာရိုက်ရှာကြည့်မယ်ဆိုရင် အမေရိကန်က ဗွီဒီယိုဇာတ်လမ်းတွေမှာပါဝင်လေ့ရှိတဲ့ စိတ်ကူးယဉ် နိုင်ငံတစ်ခုသာဖြစ်တာတွေ့ရပါတယ်။ ဒီနိုင်ငံအမည်ကို Black Panther ဇာတ်ကားမှာ တွေ့ရပါတယ်။
ကုလသမဂ္ဂအမှတ်တံဆိပ်နဲ့ အနောက်တိုင်းဝတ်စုံဝတ် အာဖရိကန်အမျိုးသား တစ်ဦးစကားပြောနေဟန်ပုံ ဟာ ဇာတ်ကားမှာပါတဲ့ဇာတ်ဝင်ခန်းတစ်ခုဖြစ်ပြီး ဘုရင် တီချာကာ (T’Chaka)အဖြစ် သရုပ်ဆောင်ထားတဲ့ တောင်အာဖရိကန်နွယ်ဖွား သရုပ်ဆောင်နဲ့ စာရေးဆရာ John Kani ပဲဖြစ်ပါတယ်။ ဒီဓာတ်ပုံကို ရုပ်ရှင်သုံးသပ်ချက်တွေမှာတွေ့ရပါတယ်။

မူရင်းလင်ခ့် –TopMovieClips | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ UN လုံခြုံရေးကောင်စီအစည်းအဝေးမှာ ဝါကန်ဒါ(Wakanda)နိုင်ငံရဲ့ ဘုရင် တီချာကာမှ နကစ အစိုးရအားထောက်ခံလိုက်ပြီဆိုပြီးတော့ သတင်းတုလုပ်မျှဝေနေခြင်းဖြစ်ပါတယ်။

Title:UN လုံခြုံရေးကောင်စီမှာ ဝါကန်ဒါနိုင်ငံက နကစကို ထောက်ခံဆိုတဲ့ သတင်းတု
Fact Check By: Nayar MaungResult: False