Fact Check: မြေတကွက်ကားတစီးထက်ပိုမိုပိုင်ဆိုင်သူများကို စစ်ကောင်စီ အရေးယူမယ်ဆိုတဲ့ထုတ်ပြန်ချက်အတု

False နိုင်ငံရေး | Politics

ငွေကြေးဖောင်းပွမှုကိုထိန်းချုပ်ဖို့ စစ်ကောင်စီတစ်ဖြစ်လဲ အိမ်စောင့်အစိုးရက ကားတစ်စီး မြေတစ်ကွက်ထက်ပိုမို ပိုင်ဆိုင်မှုတွေကိုသိမ်းဆည်းသွားမယ်ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုတစ်ခုဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။

“အိမ်ခြံမြေနဲ့ကားလောကတော့ ဘာတွေဆက်ဖြစ်မလဲ မသိတော့ဘူး😭 မအလက မလုပ်ရဲတာမရှိတော့ဘူး လက်နက်ဝယ်ဖို့ ငွေလိုလာပြန်ပြီထင်တယ်”လို့ ရေးသားပြီးဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးက အောက်ပါအတိုင်းမျှ ဝေထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

အလားတူရေးသားမျှဝေမှုကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

စစ်တပ်ထိန်းချုပ်ထားတဲ့ သတင်းဌာနတွေအပါအဝင် လွတ်လပ်တဲ့ သတင်းဌာနတွေမှာ ဒီသတင်းကို မတွေ့ရ သလို ဒီလိုထုတ်ပြန်တယ်လို့ကိုးကားရေးသားချက်လည်းမတွေ့ရပါဘူး။ အမှန်တကယ်ဆိုရင် ဒီအမိန့်ကြေညာ ဟာ လျို့ဝှက်ညွှန်ကြားလို့ရတဲ့ အရာမျိုးမဟုတ်တာလည်းတွေ့ရသလို မီဒီယာတွေအနေနဲ့လည်း ဖော်ပြခြင်းမပြုဘဲနေမှာမဟုတ်ပါဘူး။

ဒီလိုဖြန့်ဝေနေတဲ့ ပို့စ်တွေအောက်မှာ ဖေ့စ်ဘွတ်အသုံးပြုသူအများအပြားက စာအရေးအသားဟာ ရုံးစာရေးသားဟန် မဆန်ဘူးဆိုတဲ့ ပြောဆိုချက်လည်းတွေ့ရသလို စာအတုဆိုပြီးတော့ရေးသားမှတ်ချက် ပေးထားတာတွေ့ရပါတယ်။ အချို့ဖေ့စ်ဘွတ်အသုံးပြုသူတွေအတွက် အစစ်လားအတုလား ခွဲဝေရခက်ခဲနေတာ လည်းတွေ့ရပါတယ်။ ထပ်မံဆန်းစစ်ကြည့်ရအောင်ပါ။ 

စစ်ကောင်စီဟာ “နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ”အနေနဲ့ပဲ အမိန့်ကြေညာတွေကို ထုတ်လေ့ရှိပြီး အိမ်စောင့်အစိုးရ နာမည်နဲ့ အမိန့်ညွှန်ကြားချက်တွေထုတ်တာမျိုးမရှိပါဘူး။ သူတို့ဟာ အစိုးရတစ်ရပ် အဖြစ်ရပ်တည်နေကြောင်း နိုင်ငံတကာကို ဖော်ညွှန်းဖို့သာ ဒီအမည်နာမကိုသုံးစွဲနေတာတွေ့ရပြီး အမိန့်ညွှန်ကြားချက်တွေကို အိမ်စောင့်အစိုးရ ခေါင်းစဉ်အောက်ကထုတ်လေ့မရှိတာတွေ့ရပါတယ်။ 

အိမ်စောင့်အစိုးရဆိုတဲ့ဖွဲ့စည်းပုံအောက်မှာ စစ်ကောင်စီ(“နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ”)အဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးပါဝင်ခြင်းမရှိပါဘူး။ ထို့အပြင် စစ်ကောင်စီက အိမ်စောင့်အစိုးရအဖွဲ့ရုံအမည်ကနေ ၂၀၂၁ ခုနှစ် စက်တင်ဘာထဲမှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဆိုပြီးတော့လည်း အမည်ပြောင်းထားတာတွေ့ရ ပါတယ်။

ထို့အပြင် စာထဲမှာ “ဘဏ္ဏာနှစ်”ဆိုတဲ့အသုံးနှုန်းနေရာမှာ “ဘားဂျတ်”လို့သုံးနှုန်းမှု၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကိုရာထူးဖော်ပြချက်မှာ “ဒုဗိုလ်ချုပ်ကြီး”သုံးနှုန်းမှုတွေဟာ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေမှာ သုံးနှုန်းလေ့မရှိတဲ့ အသုံးအနှုန်းတွေဖြစ်တာတွေ့ရပါတယ်။

သုံးသပ်ချက်

စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းဌာနအပါဝင် အခြားလွတ်လပ်သော သတင်းမီဒီယာတွေမှာ မြေတကွက်၊ကားတစီးထက်ပိုရင် သိမ်းဆည်းခံရမယ်ဆိုတဲ့ ဒီလိုမျိုးအမိန့် ညွှန်ကြားချက်မတွေ့ရသလို လူမှုကွန်ယက်မှာ ပျံ့နှံ့လျှက်ရှိတဲ့စာဟာ စစ်ကောင်စီက သုံးနှုန်းထုတ်ပြန်လေ့မရှိတဲ့ အသုံးအနှုန်းတွေပါဝင်ပြီး အမှန်တကယ်ထုတ်ပြန်မှုတစ်ခုမဟုတ်တာတွေ့ရပါတယ်။

Avatar

Title:မြေတကွက်ကားတစီးထက်ပိုမိုပိုင်ဆိုင်သူများကို စစ်ကောင်စီ အရေးယူမယ်ဆိုတဲ့ထုတ်ပြန်ချက်အတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *